နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, December 5, 2009

မညှင်းဆဲသူ ... ကိုယ့်အမည်နဲ့ကိုယ် တန်အောင်နေ...

အဟိံသက

သာဝတ္ထိနိဒါန်း

ထိုအခါ အဟိံသက ဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား...

အသျှင်ဂေါတမ အကျွန်ုပ်သည် အဟိံသကပါတည်း၊
အသျှင် ဂေါတမ အကျွန်ုပ်သည် အဟိံသကပါတည်း ဟု လျှောက်၏-

''အကြင်သူသည် ကိုယ်, နှုတ်, စိတ်ဖြင့် သူတစ်ပါးကို မသတ်ဖြတ် မညှဉ်းဆဲ၊ ထို သူသည် အဟိံသက ဖြစ်၏။ သင်သည် အဟိံသက ဖြစ်ခဲ့မူ အမည်အားလျော်စွာ မညှင်းဆဲသူ ဖြစ်ပါလေလော့။ မှန်၏၊ အကြင်သူသည် သူတစ်ပါးကို မသတ်ဖြတ် မညှင်းဆဲ၊ ထိုသူသည်သာလျှင် အဟိံသက အမှန်ဖြစ်၏'' ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် အဟိံသက ဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား အား ဤစကားကိုလျှောက်၏၊ အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏။ပ။ သိ၏။

အသျှင်အဟိံသက ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါး အပါအဝင် ဖြစ်၏။ 191

၅ - အဟိံသကသုတ်၊ အရဟန္တဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

သည်တရားတော်လေး ဖတ်ပြီးတဲ့အခါ ဒီလိုဆင်ခြင်မိတယ်...
ငါတို့ ရဟန်းတော်တွေ ရဟန်းဝတ်ကြရင်ဖြင့် ဆရာဘုန်းကြီးတွေက အမည်ကောင်းလေးတွေ မှည့်ပေးကြပေတယ်... ဒါပေမဲ့ ငါတို့က ငါတို့ရဲ့ဘွဲ့တော်နဲ့ လိုက်ဖက်စွာမှ နေခဲ့ကြရဲ့လား... ဒီလို တရားလေးတွေ ဖတ်ပြီးနောက်ကော ဆက်လက်ပြီးတော့ မိမိအမည် ဘွဲ့တော်နဲ့ လိုက်ဖက်စွာ နေထိုင်ကြတော့မှာလားလို့ တွေးမိပါတယ်... ခုခေတ်မှာ ဘွဲ့အမည်ဆိုးတဲ့ ဘုန်းကြီး၊ သီလရှင်ဆိုတာဟာ ရှာမှ ရှားပါပဲ...

ကျွန်ုပ်ရဲ့ဘွဲ့တော်က အရှင်လောကနာထတဲ့...
အရှင်ဆိုတာက ပိုင်ဆိုင်သူကို ရည်ညွန်းသလို သတ္တဝါတို့ရဲ့ အရှင်သခင်ကိုလည်း ရည်ညွန်းမယ်ထင်တယ်... လောကဆိုတာကတော့ သတ္တလောက သြကာသလောက သင်္ခါရလောကလို့ ခေါ်ဆိုတဲ့ လောကသုံးပါးကို ရည်ညွန်းပါတယ်... နာထဆိုတာကတော့ ကိုးကွယ်ရာတဲ့... ဒီတော့ ပေါင်းလိုက်ရင် လောကကြီးရဲ့ကိုးကွယ်ရာ... လောကကြီးရဲ့ ကိုးကွယ်ရာ အရှင်သခင်တဲ့...

အော်...
ကိုယ်ဘွဲ့နဲ့မှ ကိုယ်မတန် ကျင့်ရပါဦးမည်...
သံသရာတစ်လျှောက် ကျင့်ရပါဦးမည်...


သင်ကော...


အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

1 comment:

flowerpoem said...

ဘုန်း၂ရဲ့ပို့စ်ကို ဖတ်မှတ်သွားပါတယ်...