နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, July 6, 2008

ဗုဒ္ဓဝင်အကျဉ်း-

ဗုဒ္ဓဝင်အကျဉ်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ဂေါတမဘုရားအလောင်းတော်သည် ဤ ဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည် ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။

၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ် တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်သော်လည်း သံသရာ၌ နစ်မွန်း ပျော်ပါးနေကြကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားတော်မူလှသဖြင့် ရယူတော်မမူခဲ့ပေ။

၃။ သုမေဓာရှင်ရသေ့ဘဝမှ ဝေသန္တရာမင်းဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝတို့၌...
* ဒါနပါရမီ၊ ရွှေ ငွေ ဆင် မြင်းစသည် လှူဒါန်းခြင်း။
* ဒါနဥပပါရမီ၊ ခြေ လက် နား နှာခေါင်း စသည်လှူဒါန်းခြင်း။
* ဒါနပရမတ္ထပါရမီ၊ ကိုယ့်အသက်ကိုလှူဒါန်းခြင်းစသော
ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၎။ ထို့ပြင် အလွန်စွန့်နိုင်ခဲစွာသော-
* ဓနပရိစ္စာဂ၊ ပဒေသရာဇ် ဧကရာဇ် စကြာမင်းစည်းစိမ်ကို စွန့်ခြင်း။
* ပုတ္တပရိစ္စာဂ၊ သားသမီးကို စွန့်ခြင်း။
* ဘရိယပရိစ္စာဂ၊ မယားကို စွန့်ခြင်း။
* အင်္ဂပရိစ္စာဂ၊ ခြေ လက် နား နှာခေါင်း စသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း။
* ဇီဝိတပရိစ္စာဂ၊ ကိုယ်အသက်ကိုစွန့်ခြင်းဟု ဆိုအပ်သော
စွန့်ခြင်းကြီးငါးပါးကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၅။ ဤသို့ ဘဝများစွာ သံသရာ တစ်လျှောက်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့် တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတ ကေတု နတ်သားဖြစ်ခဲ့လေသည်။ နတ်သားဖြစ်နေစဉ် စကြာဝဠာတိုက်တစ် သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည်၊ ''ဘုရားဖြစ် ချိန်တန်ပါပြီ လူ့ပြည်သို့ဆင်း၍ ဘုရား ဖြစ်တော်မူပါ''ဟု ဘုရားအလောင်းတော်ကို တောင်းပန်ကြလေသည်။

၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည်-
* ကာလ၊ ဘုရားဖြစ်ရာ အချိန်ကာလ။
* ဒီပ၊ ဘုရားဖြစ်ရာ ကျွန်းအရပ်။
* ဒေသ၊ ဘုရားဖြစ်ရာ အရပ်ဒေသ။
* ကုလ၊ ဘုရားဖြစ်ရာ အမျိုးအနွယ်။
* မာတုအာယုပရိစ္ဆေဒ၊ ဘုရားအလောင်း မယ်တော်၏ သက်တမ်းအပိုင်းအခြား ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ရှုတော်မူလေသည်။

၇။ ယင်းသို့ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု ဝါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဓန မင်းကြီး၏ တောင်ညာဒေဝီ မိဖုရားကြီး မယ်တော်မာယာ ဝမ်းတိုက်၌ ပဋိသန္ဓေ တည်နေလေ သည်။

၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့် သောကြာနေ့၌ ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏အကြားရှိ လုဗ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာမှ မီးရူးသန့်စင် ဖွားမြင်တော်မူလေသည်။

၉။ ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားသည် ၁၆-နှစ်အရွယ် ရောက်သော အခါ ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ၁၃-နှစ် တိတိ ခံစားလေသည်။

၁ဝ။ ၂၉-နှစ်အရွယ်ရောက်သောအခါ သူအို သူနာ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။

၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော (မှားယွင်းသော) ဒုက္ခရ စရိယာ အကျင့်ကို ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။

၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွ သွားတော်မူလေသည်။

၁၃။ သောတ္ထိယငစင် မြက်ထမ်းသမား မြက်ရိတ်လုလင်သည် မဟာဗောဓိ ပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။

၁၄။ ဘုရားအလောင်းတော်မြတ်သည် လှူဒါန်းလိုက်သော မြက်ရှစ်ဆုပ်ကို ကြဲ ဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပ ရာဇိတပလ္လင် ဖြစ်လာလေသည်။

၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ နေတော်မူစဉ်-
* နေမဝင်မီ ဒေဝပုတ္တမာရ် မာရ်နတ်ရန်ကို အောင်မြင်တော်မူသည်။
* ညဥ့်ဦးယံတွင် ရှေးဘဝတို့၌ ဖြစ်ခဲ့ဘူးသော ဘဝအစဉ်အဆက်ကို အောက်မေ့ တတ်သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။
* သန်းခေါင်ယံ၌ သတ္တဝါတို့၏ ဤဘဝမှ သေဆုံးခြင်း နောက်ဘဝ ပဋိသန္ဓေ နေခြင်း စသည်တို့ကို မြင်တတ်သော နတ်တို့၏မျက်စိထက် ထူးခြားသော ဒိဗ္ဗ စက္ခုဉာဏ်ကို ရတော်မူလေသည်။
* မိုးသောက်ယံ၌ အာသဝေါတရား ၄-ပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော အာသ ဝက္ခယဉာဏ်ကို ရတော်မူလေသည်။
*သက်တော် ၃၅-နှစ်အရွယ် မဟာသက္ကရာဇ် ၁ဝ၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်၌ လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။

၁၆။ သဗ္ဗညုတဘုရားရှင်သည် ဘုရားဖြစ်ပြီးသည်နောက် ၄၅-ဝါ (၄၅-နှစ်) ပတ် လုံး တရားဓမ္မတို့ကို ဟောပြတော်မူကာ၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အကျိုး စီးပွားကို ဆောင်ရွက်တော်မူခဲ့ လေသည်။

၁၇။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက် တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော် ၈ဝ-အရွယ် ရောက်သော အခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူလေသည်။

၁၈။ ကြွင်းကျန်ခဲ့သောဓာတ်တော်များမှာ
* စွယ်တော် ၄-ဆူ၊
* ညှပ်ရိုးတော် ၂-ဆူ၊
* နဖူးသင်းကျစ်တော် ၁-ဆူ၊ (မပြိုမကွဲ သောဓာတ်တော် ၇-ဆူ) နှင့်၊
* အသားတော် အသွေးတော် အရိုးတော်တို့မှ ဓာတ်တော်များ
ကြွင်းကျန် ခဲ့လေသည်။