နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, February 26, 2010

ယုတ်ညံ့သောပုဂ္ဂိုလ် မြင့်မြတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း...


အနင်္ဂဏသုတ် မှ... (ကိလေသာကင်းသော၊ အပြစ်မရှိသော)


အသျှင် မဟာမောဂ္ဂလာန်သည် အသျှင် သာရိပုတြာကိုဤသို့ မေးမြန်းတော်မူ၏ -

''ငါ့သျှင် သာရိပုတြာ ဤကိလေသာ အညစ်အကြေး ရှိသော ပုဂ္ဂိုလ် နှစ်မျိုးတို့တွင် တစ်မျိုးကို ယုတ်ညံ့သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍ တစ်မျိုးကို မြင့်မြတ်သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏ အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း။ 58

ငါ့သျှင် ထို ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ကိလေသာ အညစ်အကြေး ရှိလျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာ အညစ်အကြေး ရှိ၏'' ဟု ဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် ထိုကိလေသာ အညစ်အကြေးကို ပယ်ရန် အလိုဆန္ဒကို ဖြစ်စေလိမ့်မည် မဟုတ်၊ အားထုတ် လိမ့်မည် မဟုတ်၊ လုံ့လစွမ်းကို ကြိုးပမ်း လိမ့်မည် မဟုတ်။ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' ရှိသူ ပြစ်မှားခြင်း 'ဒေါသ' ရှိသူ တွေဝေခြင်း 'မောဟ' ရှိသူ ကိလေသာ အညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသောစိတ် ရှိသူ ဖြစ်လျက် သေလွန်ရ လတ္တံ့၊ ထိုပုဂ္ဂိုလ် အား ဤသဘောသာ ဧကန် ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမား အိမ်မှဖြစ်စေ၊ မြူမှုန့် အညစ်အကြေးဖြင့် မြှေးယှက် ဖုံးလွှမ်းနေသော ကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်း မသုံးဆောင်ကုန် ငြားအံ့၊ စင်ကြယ်အောင်လည်း မသုတ်သင် ကုန်ငြားအံ့၊ မြူမှုန့် ရှိရာ၌လည်း ထိုကြေးခွက်ကို ထားကုန်ငြားအံ့၊ ငါ့သျှင် ထိုကြေးခွက်သည် နောင်အခါ၌ သာလွန် ညစ်ပေကာ အညစ်အကြေး တက်ရာသည် မဟုတ်လောဟု မေးတော်မူ၏။

ငါ့သျှင် မှန်ပါပေ၏ဟု လျှောက်၏။

ငါ့သျှင် ဤဥပမာအတူပင် ကိလေသာအညစ်အကြေးရှိလျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာ အညစ်အကြေး ရှိ၏'' ဟု ဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် ထိုကိလေသာ အညစ်အကြေးကိုပယ်ရန် အလိုဆန္ဒကို ဖြစ်စေလိမ့်မည် မဟုတ်၊ အားထုတ်လိမ့်မည် မဟုတ်၊ လုံ့လစွမ်းကို ကြိုးပမ်းလိမ့်မည် မဟုတ်၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' ရှိသူ ပြစ်မှားခြင်း 'ဒေါသ' ရှိသူ တွေဝေခြင်း 'မောဟ' ရှိသူ ကိလေသာ အညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသောစိတ် ရှိသူ ဖြစ်လျက် သေလွန်ရ လတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန် ဖြစ်ရမည်။

ငါ့သျှင် ထိုပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ကိလေသာ အညစ်အကြေး ရှိလျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာ အညစ်အကြေး ရှိ၏'' ဟု ဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် ထိုကိလေသာ အညစ်အကြေးကို ပယ်ရန် အလိုဆန္ဒကို ဖြစ်စေလိမ့်မည်၊ အားထုတ်လိမ့်မည်၊ လုံ့လစွမ်းကို ကြိုးပမ်း လိမ့်မည်၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' မရှိဘဲ ပြစ်မှားခြင်း 'ဒေါသ' မရှိဘဲ တွေဝေခြင်း 'မောဟ' မရှိဘဲ ကိလေသာ အညစ်အကြေး မရှိဘဲ ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရ လတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤ သဘောသာ ဧကန် ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမား အိမ်မှဖြစ်စေ၊ မြူမှုန့် အညစ်အကြေးဖြင့် မြှေးယှက် ဖုံးလွှမ်းနေသော ကြေးခွက်ကို ဆောင်ယူခဲ့ရဲာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်း သုံးဆောင် ကုန်ငြားအံ့၊ စင်ကြယ် အောင်လည်း သုတ်သင် ကြကုန် ငြားအံ့၊ မြူမှုန် ရှိရာ၌လည်း ထိုကြေးခွက်ကို မထားကုန်ငြားအံ့၊ ငါ့သျှင် ထိုကြေးခွက်သည် နောင်အခါ၌ သာလွန် စင်ကြယ်ကာ ဖြူဖွေးရာသည် မဟုတ်လော ဟု မေးတော်မူ၏။

ငါ့သျှင် မှန်ပါပေ၏ ဟု လျှောက်၏။

ငါ့သျှင် ဤဥပမာအတူပင် ကိလေသာ အညစ်အကြေး ရှိလျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာ အညစ်အကြေး ရှိ၏'' ဟု ဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် ထိုကိလေသာ အညစ်အကြေးကို ပယ်ရန် အလိုဆန္ဒကို ဖြစ်စေလတ္တံ့၊ အားထုတ် လတ္တံ့၊ လုံ့လစွမ်းကို ကြိုးပမ်းလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' မရှိဘဲ ကြမ်းတမ်း ပြစ်မှားခြင်း 'ဒေါသ' မရှိဘဲ တွေဝေခြင်း 'မောဟ' မရှိဘဲ ကိလေသာ အညစ်အကြေး မရှိဘဲ ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရ လတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန် ဖြစ်ရမည်။

ငါ့သျှင် ထို ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ကိလေသာ အညစ်အကြေး မရှိသည် ဖြစ်လျက် ''ငါ၏ စိတ် သန္တာန်၌ ကိလေသာ အညစ်အကြေး မရှိ'' ဟု ဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် တင့်တယ်သော အာရုံ 'သုဘနိမိတ်'ကို နှလုံးသွင်း လတ္တံ့၊ တင့်တယ်သော အာရုံကို နှလုံး သွင်းခြင်း ကြောင့် ထိုပုဂ္ဂိုလ်၏စိတ်ကို တပ်မက်ခြင်း 'ရာဂ' သည် လွှမ်းမိုးဖျက်ဆီး လတ္တံ့၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' ရှိသူ ပြစ်မှားခြင်း 'ဒေါသ' ရှိသူ တွေဝေခြင်း 'မောဟ'ရှိသူ ကိလေသာ အညစ် အကြေးတို့နှင့်တကွ ညစ်နွမ်းသော စိတ်ရှိသူ ဖြစ်လျက် သေလွန်ရ လတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန် ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှ ဖြစ်စေ၊ စင်ကြယ် ဖြူဖွေးသော ကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်း မသုံးဆောင် ကုန်ငြားအံ့၊ စင်ကြယ်အောင်လည်း မသုတ်သင် ကုန်ငြားအံ့၊ မြူမှုန့် ရှိရာ၌လည်း ထိုကြေးခွက်ကို ထားကုန်ငြားအံ့၊ ငါ့သျှင် ထိုကြေးခွက်သည် နောင်အခါ၌ သာလွန် ညစ်ပေကာ အညစ်အကြေး တက်ရာသည် မဟုတ် လော ဟုမေးတော်မူ၏။

ငါ့သျှင် မှန်ပါပေ၏ ဟု လျှောက်၏။

ငါ့သျှင် ဤဥပမာ အတူပင် ကိလေသာ အညစ်အကြေး မရှိသည် ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာ အညစ်အကြေး မရှိ'' ဟု ဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် တင့်တယ်သော အာရုံ 'သုဘနိမိတ်' ကို နှလုံးသွင်း လတ္တံ့၊ တင့်တယ်သော အာရုံကို နှလုံးသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏ စိတ်ကို တပ်မက်ခြင်း 'ရာဂ' သည် လွှမ်းမိုး ဖျက်ဆီး လတ္တံ့၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' ရှိသူ ပြစ်မှားခြင်း 'ဒေါသ' ရှိသူ တွေဝေခြင်း 'မောဟ' ရှိသူ ကိလေသာ အညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသော စိတ်ရှိသူ ဖြစ်လျက် သေလွန်ရ လတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ထို ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ကိလေသာ အညစ်အကြေး မရှိသည် ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာ အညစ်အကြေး မရှိ'' ဟု ဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် တင့်တယ်သော အာရုံ 'သုဘနိမိတ်' ကို နှလုံး သွင်းလိမ့်မည် မဟုတ်၊ တင့်တယ်သော အာရုံကို နှလုံး မသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏ စိတ်ကို တပ်မက်ခြင်း 'ရာဂ'သည် လမ်းမိုး ဖျက်ဆီးလိမ့်မည် မဟုတ်၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' မရှိဘဲ ပြစ်မှားခြင်း 'ဒေါသ' မရှိဘဲ တွေဝေခြင်း 'မောဟ' မရှိဘဲ ကိလေသာ အညစ်အကြေး မရှိဘဲ ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရ လတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှ ဖြစ်စေ၊ စင်ကြယ် ဖြူဖွေးသော ကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်း သုံးဆောင်ကုန် ငြားအံ့၊ စင်ကြယ်အောင်လည်း သုတ်သင်ကုန် ငြားအံ့၊ မြူမှုန့် ရှိရာ၌လည်း ထိုကြေးခွက်ကို မထားကုန် ငြားအံ့၊ ငါ့သျှင် ထိုကြေးခွက်သည် နောင်အခါ၌ သာလွန် စင်ကြယ်ကာ ဖြူဖွေးရာသည် မဟုတ်လော ဟု မေးတော်မူ၏။

ငါ့သျှင် မှန်ပါပေ၏ ဟု လျှောက်၏။

ငါ့သျှင် ဤဥပမာ အတူပင် ကိလေသာ အညစ်အကြေး မရှိသည် ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာ အညစ်အကြေး မရှိ'' ဟု ဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် တင့်တယ်သော အာရုံ 'သုဘနိမိတ်'ကို နှလုံး သွင်းလိမ့်မည်မဟုတ်၊ တင့်တယ်သော အာရုံကို နှလုံး မသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏ စိတ်ကို တပ်မက်ခြင်း 'ရာဂ' သည် လွှမ်းမိုး ဖျက်ဆီးလိမ့်မည် မဟုတ်၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' မရှိဘဲ ကြမ်းတမ်း ပြစ်မှားခြင်း 'ဒေါသ' မရှိဘဲ တွေဝေခြင်း 'မောဟ' မရှိဘဲ ကိလေသာ အညစ်အကြေး မရှိဘဲ ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရ လတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန် ဖြစ်ရမည်။

ငါ့သျှင် မောဂ္ဂလာန် ဤသည်လျှင် ကိလေသာ အညစ်အကြေး ရှိကြကုန်သော ပုဂ္ဂိုလ် နှစ်မျိုးတို့တွင် တစ်မျိုးကို ယုတ်ညံ့သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍ တစ်မျိုးကို မြင့်မြတ်သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏ အကြောင်း အထောက်အပံ့ ဖြစ်ပေ၏။

ငါ့သျှင်မောဂ္ဂလာန် ဤသည်လျှင် ကိလေသာ အညစ်အကြေး မရှိကြကုန်သော ပုဂ္ဂိုလ် နှစ်မျိုးတို့တွင် တစ်မျိုးကို ယုတ်ညံ့သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍ တစ်မျိုးကို မြင့်မြတ်သော ပုဂ္ဂိုလ်ဟု ခေါ်ဆို ရခြင်း၏ အကြောင်း အထောက်အပံ့ ဖြစ်ပေ၏ ဟု မိန့်တော်မူ၏။ 59

၅ - အနင်္ဂဏသုတ်၊ မှ၊ မူလပရိယာယ၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: