နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, May 14, 2009

တရားကျင့်သူ၏ တစ်ရက်မျှ အသက်ရှင်ခြင်းသည် မြတ်၏...



သောဏာထေရီအပဒါန်၊

ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မာရ်ငါးပါးကို အောင်တော်မူသော အလုံး စုံသော တရားတို့၏ တစ်ဖက်ကမ်းသို့ ရောက်တော်မူသော ပဒုမုတ္တရ အမည် ရှိသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။220

ထိုအခါ ငါသည် သူဌေးမျိုး၌ ဖြစ်၍ ချမ်းသာခြင်းသို့ ရောက်၏၊ ပူဇော်ခံရ၏၊ ချစ်မြတ်နိုးခြင်း ခံရ၏။ ငါသည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ချိုသာသော တရားစကားကို နာကြားခဲ့၏။221

ထက်သန်သော လုံ့လဝီရိယရှိသူတို့တွင် အမြတ်ဆုံးဟု ရဟန်းမိန်းမကို ချီးကျူး တော်မူ၏၊ မြတ်စွာဘုရား၏ ချီးကျူးသော စကားကို နာကြားရသော် ဝမ်းမြောက် သည် ဖြစ်၍ မြတ်စွာဘုရားအား ကောင်းမှုကို ပြုပြီးလျှင် - 222

မြတ်စွာဘုရားကို ရှိခိုးလျက် ထိုအရာအထူးကို ဆုတောင်းခဲ့၏၊ ထိုအခါ မြတ်စွာဘုရားသည် ''သင်၏ ဆုတောင်းခြင်းသည် ပြည့်စုံစေသတည်း'' ဟု အနုမောဒနာ ပြုတော်မူ၏။223

ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ သြက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ အမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။224

ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သမီး တော်ဖြစ်၍ အမည်အားဖြင့် 'သောဏာ' ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်မ 'သာဝိကာ' ဖြစ်လတ္တံ့ (ဟုမိန့်တော်မူ၏)။225

ငါသည် ထိုစကားကို ကြားနာရသော် ဝမ်းမြောက်ခြင်းဖြစ်၍ အသက်ထက်ဆုံး မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားကို ပစ္စည်းလေးပါးတို့ဖြင့် မေတ္တာစိတ်ရှိလျက် လုပ်ကျွေးခဲ့၏။226

ကောင်းစွာ ပြုအပ်သော ထိုကံကြောင့် လည်းကောင်း၊ စေတနာ, တောင့်တမှု တို့ကြောင့် လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် တာဝတိံသာ ဘုံသို့ ရောက်ရ၏။227

ဤယခု နောက်ဆုံးဖြစ်သော ဘဝ၌ကား ငါသည် သာဝတ္ထိပြည်တော်တွင် ပြည့်စုံ ကြွယ်ဝသော များသော ဥစ္စာရှိသော သူဌေးမျိုး၌ ဖြစ်၏။228

ငါသည် အကြင်အခါ၌ အရွယ်သို့ ရောက်၏၊ ထိုအခါ လင့်အိမ်သို့ လိုက်သွားပြီး လျှင် အထူးသဖြင့် ရုပ်အဆင်းလှကုန်သော သားသမီးဆယ်ယောက်တို့ကို မွေးဖွား ခဲ့၏။229

ထိုသားသမီး အားလုံးတို့သည်ပင် ချမ်းသာသဖြင့် ကြီးပွါးရကုန်၏၊ လူတို့၏ မျက်စိနှင့် စိတ်ကို ဆွဲဆောင်နိုင်ကုန်၏၊ ရန်သူတို့သည်သော်လည်း ချစ်နှစ်သက် အပ်ကုန်၏၊ ထိုသားသမီးတို့ကို ငါ၏ ချစ်ခြင်းသည် အဘယ်ဆိုဖွယ်ရာ ရှိအံ့ နည်း။230

ထိုအခါ ငါသည် အလိုမရှိ (အခွင့်မပြု) ဘဲ ထိုငါ၏ လင်သည် သားသမီး ဆယ် ယောက်ကို ရှေ့သွားပြုလျက် မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြု၏။231

ထိုအခါ ငါသည် တစ်ယောက်တည်း ကြံစည်၏၊ လင်သားတို့သည် စွန့်ပစ် အပ်သည်ဖြစ်၍ အရွယ်လည်းကြီးလျက် အထီးကျန်သော ငါ့အား အသက်ရှင် ခြင်းဖြင့် အကျိုး မရှိသည် ဖြစ်၏။232

အကြင်သာသနာတော်သို့ ငါ၏ လင်သည် ရောက်၏၊ ထိုသာသနာတော်သို့ ငါသည်လည်း သွားအံ့ဟု ဤသို့ ငါသည် ကြံစည်ပြီးလျှင် ရဟန်းမိန်းမဘောင်သို့ ဝင်ရောက်ခဲ့၏။233

ထိုအခါ ရဟန်းမတို့သည် ငါ့ကို တစ်ယောက်တည်း ရဟန်းမကျောင်း၌ ရေကို ပူစေလော့ (ရေနွေးကျိုလော့)ဟု ဤသို့ ချန်ထားခဲ့၍ အဆုံးအမခံယူရာသို့ သွားကုန်၏။234

ထိုအခါ ငါသည် ရေကို ဆောင်ယူ၍ အိုး၌ သွန်းလောင်းလျက် ခုံလောက်၌ တည်ထားပြီးလျှင် ထိုင်နေခဲ့၏၊ ထိုအခါ ငါသည် စိတ်ကို ကောင်းစွာ ဆောက်တည်၏။235

ခန္ဓာ၌ မမြဲသောအားဖြင့် လည်းကောင်း၊ ဆင်းရဲသောအားဖြင့် လည်းကောင်း၊ အတ္တမဟုတ်သောအားဖြင့် လည်းကောင်း ရှုမြင်၍ အာသဝေါအားလုံးကို ကုန်ခန်း စေလျက် အရဟတ္တဖိုလ်သို့ ရောက်၏။236

ထိုအခါ ရဟန်းမတို့သည် ပြန်လာ၍ ရေနွေးကို မေးကုန်၏၊ တေဇောဓာတ်ကို အဓိဋ္ဌာန်၍ ရေကို မြန်စွာ ပူနွေးစေခဲ့၏။237

ထိုရဟန်းမတို့သည် အံ့သြကုန်၍ ဘုရားမြတ်အား ဤအကြောင်းကို လျှောက်ကြ ကုန်၏၊ မြတ်စွာဘုရားသည် ထိုစကားကို ကြားရသော် ဝမ်းမြောက်တော်မူ၍ ဤဂါထာကို မိန့်တော်မူ၏-238

အကြင်သူသည် ပျင်းရိယုတ်လျော့သော လုံ့လရှိလျက် အနှစ်တစ်ရာပတ်လုံး အသက်ရှင်၏၊ ထိုသူထက် ဝီရိယကို မြဲမြံစွာ အားထုတ်သူ၏ တစ်ရက်မျှ အသက်ရှင်ခြင်းသည် မြတ်၏ (ဟု ဤဂါထာကို မိန့်ဆိုတော်မူ၏)။239

မြတ်စွာဘုရားသည် ငါ၏ ကောင်းသောအကျင့်၌ နှစ်သက်တော်မူ၏၊ ထိုမြတ်စွာ ဘုရားသည် ငါ့အား ထက်သန်သော လုံ့လဝီရိယ ရှိသူတို့ထက် မြတ်၏ဟု မိန့်ဆိုတော်မူ၏။240

ငါသည် ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။241

ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးအပ်ပါပြီ။242

လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါ ပြီ။243


ဤသို့လျှင် သောဏာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။

၆ - သောဏာထေရီအပဒါန်၊ ကုဏ္ဍလကေသီဝဂ်၊ ထေရီအပဒါန်ပါဠိတော်။

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

သောနေ= ချစ်သမီး သောဏာ။
ယော စ= အမှတ်မထင် အကြင်သူသည်ကား။
ဥတ္တမံ ဓမ္မံ= သင်္ချာကိုးရပ် လောကုတ္တရာ တရားတော်မြတ်ကို။
အပဿံ(အပဿံတော)= မျက်မှောက်ထင်ထင် မတွေ့မြင်ရပဲ။
ဝဿသတံ= အနှစ်တစ်ရာ ရှည်မြင့်ကြာအောင်။
ဇိဝေ(ဇီဝေယျ)= အသက်ရှည်ရှည် တည်နေရာ၏။
တဿ= ထိုသူ၏။
ဇီဝတော= အနှစ်တစ်ရာ ရှည်မြင့်ကြာ အောင် ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်းထက်။
ဥတ္တမံ ဓမ္မံ= သင်္ချာ ကိုးရပ် လောကုတ္တရာ တရားတော်မြတ်ကို။
ပဿတော= မျက်မှောက်ထင်ထင် တွေ့မြင်ရသောသူ၏။
ဧကာဟံ= ကာလမကြာ တစ်ရက်တာမျှ။
ဇီဝိတံ= ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်းသည်။
သေယျော= အထူးသဖြင့် ချီးမွမ်းအပ် မြတ်လှပေတော့သတည်း။

မဟာဗုဒ္ဓဝင် (ဆဋ္ဌမတွဲ၊ စာ၊ ၁ဝ၁)

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: