နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, May 28, 2009

သာတာဂိရဘီလူးက ဤသို့ ပြောဆိုသည်...

ဟေမဝတသုတ် ...

၁...
သာတာဂိရဘီလူးက ဤသို့ ပြောဆိုသည်...
အချင်းဟေမဝတ ယနေ့ တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့တည်း၊ ညဥ့်သည် တောက်ပ ထင်ရှား၏၊ မြတ်သော ဂုဏ်တော်တို့ဖြင့် ရအပ်သော အမည်တော် ရှိတော်မူသော ဂေါတမနွယ်ဖွား ငါတို့ဆရာ မြတ်စွာဘုရားကို ယခု ဖူးမြင်ကြ ကုန်အံ့။

၂...
ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏...
အချင်းသာတာဂိရ သင်၏ ဆရာ ထိုမြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၌ တာဒိဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စိတ်ကို မတုန်မလှုပ် ကောင်းစွာ ထားနိုင်ပါ၏ လော၊ အလိုရှိအပ်သော ဣဋ္ဌာရုံ၌သော် လည်းကောင်း၊ အလိုမရှိအပ်သော အနိဋ္ဌာရုံ၌သော် လည်းကောင်း ကြံစည်မှု 'ဝိတက်' တို့သည် ထိုမြတ်စွာဘုရား၏ အလိုသို့ လိုက်၍ ဖြစ်ကုန်၏လော။

၃...
သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏...
အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၌ တာဒိဂုဏ်နှင့် ပြည့်စုံသည် ဖြစ်၍ စိတ်ကို မတုန်မလှုပ် ကောင်းစွာ ထားနိုင်ပါ၏၊ အလိုရှိအပ်သော ဣဋ္ဌာရုံ၌သော် လည်းကောင်း၊ အလိုမရှိအပ်သော အနိဋ္ဌာရုံ၌ သော် လည်းကောင်း ကြံစည်မှု 'ဝိတက်' တို့သည် ထိုမြတ်စွာဘုရား၏ အလိုသို့ လိုက်၍ ဖြစ်ကုန်၏။

၎...
ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏...
အချင်းသာတာဂိရ ထိုမြတ်စွာဘုရားသည် မပေးသော ဥစ္စာကို မခိုးယူဘဲ ရှိပါ ၏လော၊ သတ္တဝါတို့၌ ညှဉ်းဆဲ သတ်ဖြတ်မှုမှ စောင့်စည်းပါ၏လော၊ မေ့လျော့ ကြောင်း ကာမဂုဏ် ငါးပါးတို့၌ စိတ်သက်ဝင်မှုမှ ဝေးပါ၏လော၊ ဈာန်ကို မဆိတ် သုဉ်းစေဘဲ ရှိပါ၏လော။

၅...
သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏...
အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် မပေးသော ဥစ္စာကို မခိုး ယူတတ်ပါ၊ သတ္တဝါတို့၌ ညှဉ်းဆဲ သတ်ဖြတ်မှုမှ ရှောင်ကြဉ်ပါ၏၊ မေ့လျော့ကြောင်း ဖြစ်သော ကာမဂုဏ်ငါးပါးတို့၌ စိတ်သက်ဝင်မှုမှ ဝေးပါ၏၊ မြတ်စွာ ဘုရားသည် ဈာန်ကို မဆိတ်သုဉ်းစေပါ။

၆...
ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏...
အချင်းသာတာဂိရ သင်တို့ဆရာ ထိုမြတ်စွာဘုရားသည် သိလျက် ချွတ်ယွင်းသော စကားကို မပြောဆိုဘဲ ရှိပါ၏လော၊ ကြမ်းကြုတ်သော စကား မရှိသူ ဖြစ်ပါ၏ လော၊ ပျက်စီးကြောင်း စကားကို မဆိုသူ ဖြစ်ပါ၏လော၊ ပြိန်ဖျင်းသော စကားကို မပြောဆိုသူ ဖြစ်ပါ၏လော။

၇...
သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏...
အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် သိလျက် ချွတ်ယွင်းသော စကားကို မပြောဆိုပါ၊ ကြမ်းကြုတ် သော စကားမရှိသူ ဖြစ်ပါ၏၊ ပျက်စီးကြောင်း စကားကို မပြောဆိုသူ ဖြစ်ပါ၏၊ ပညာဖြင့် နှိုင်းချိန် ပိုင်းခြား၍ အကျိုး ရှိသော စကားကိုသာ ပြောဆိုသူ ဖြစ်ပါ၏။

၈...
ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏...
အချင်းသာတာဂိရ သင်တို့ဆရာ ထိုမြတ်စွာဘုရားသည် ကာမတို့၌ မတပ်စွန်းသူ ဖြစ်ပါ၏လော၊ စိတ်သည် မနောက်ကျုဘဲ ရှိပါ၏လော၊ မောဟအားလုံးကို လွန်မြောက်ပြီးသူ ဖြစ်ပါ၏လော၊ တရားတို့၌ ပညာမျက်စိရှိသူ ဖြစ်ပါ၏လော။

၉...
သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏...
အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် ကာမတို့၌ မတပ်စွန်းသူ ဖြစ်ပါ၏၊ စိတ်သည် မနောက်ကျုဘဲ ရှိပါ၏၊ မောဟအားလုံးကို လွန်မြောက်ပြီးသူ ဖြစ်ပါ၏၊ တရားတို့၌ ပညာမျက်စိရှိသူ ဖြစ်ပါ၏။

၁၀...
ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏...
အချင်းသာတာဂိရ သင်တို့ဆရာ ထိုမြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်ပါ၏လော၊ စင်ကြယ်သော အကျင့် 'စရဏ' ရှိသူ ဖြစ်ပါ၏လော၊ ထိုမြတ်စွာ ဘုရားအား အာသဝေါတို့ ကုန်ခန်း ပါပြီလော၊ တစ်ဖန် ပဋိသန္ဓေနေခြင်း မရှိသူ ဖြစ်ပါ၏လော။

၁၁...
သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏...
အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်ပါ၏၊ စင်ကြယ်သော အကျင့် 'စရဏ' ရှိသူ ဖြစ်ပါ၏၊ ထိုမြတ်စွာဘုရားအား အာသဝေါအားလုံးတို့ ကုန်ခန်းပါပြီ၊ ထိုမြတ်စွာဘုရားအား တစ်ဖန် ပဋိသန္ဓေ နေခြင်း မရှိတော့ပါ။

၁၂...
ဟေမဝတဘီလူးက ဤသို့ ပြောဆို၏...
အချင်း သာတာဂိရ မြတ်စွာဘုရား၏ စိတ်တော်သည် ဆိုခဲ့ပြီး သောတာဒိစသော ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏၊ ဆိုခဲ့ပြီးသော ကာယကံမှုနှင့်လည်း ပြည့်စုံ တော်မူ၏၊ ဆိုခဲ့ပြီးသော ဝစီကံမှုနှင့်လည်း ပြည့်စုံတော်မူ၏၊ ဤသို့သော စိတ်တော်နှင့် ပြည့်စုံ၍ ဝိဇ္ဇာသုံးပါး စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို ဟုတ်မှန်သော သဘောအားဖြင့် သင် သာတာဂိရသည် ချီးမွမ်းပါပေ၏။

၁၃...
သာတာဂိရဘီလူးက ဤသို့ ပြောဆို၏...
အချင်းဟေမဝတ မြတ်စွာဘုရား၏ စိတ်တော်သည် ဆိုခဲ့ပြီးသော တာဒိစသော ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏၊ ဆိုခဲ့ပြီးသော ကာယကံမှုနှင့်လည်း ပြည့်စုံ တော်မူ၏၊ ဆိုခဲ့ပြီးသော ဝစီကံမှုနှင့်လည်း ပြည့်စုံတော်မူ၏၊ ဤသို့သော စိတ်တော်နှင့် ပြည့်စုံ၍ ဝိဇ္ဇာသုံးပါး စရဏတစ်ဆယ့် ငါးပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို ဟုတ်မှန်သော သဘောအားဖြင့် ဟေမဝတသည် ဝမ်းမြောက်
ပါပေ၏။

၁၄...
မြတ်စွာဘုရား၏ စိတ်တော်သည် ဆိုခဲ့ပြီးသော တာဒိစသော ဂုဏ်နှင့်လည်း ပြည့်စုံတော် မူပါပေ၏၊ ဆိုခဲ့ပြီး သော ကာယကံမှုနှင့်လည်း ပြည့်စုံတော် မူပါပေ၏၊ ဆိုခဲ့ပြီးသော ဝစီကံမှုနှင့်လည်း ပြည့်စုံတော် မူပါပေ၏၊ ဤသို့ စိတ်တော်နှင့် ပြည့်စုံ၍ ဝိဇ္ဇာသုံးပါးစရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော ဂေါတမမြတ် စွာဘုရားကို ငါတို့ ယခု ဖူးမြော်ကြကုန်စို့။

၁၅...
ဟေမဝတဘီလူးက ဤသို့ ပြောဆို၏...
အချင်း သာတာဂိရ လာလော့၊ ဧဏီမည်သော သား၏ မြင်းခေါင်းကဲ့သို့ မြင်းခေါင်း
ရှိတော်မူသော အင်္ဂါကြီးငယ် ပြည့်စုံခြင်းဖြင့် ပါးလျသော ကိုယ်အင်္ဂါရှိတော်မူသော အတွင်းအပ ဘေးရန်ကို ဖျက်ဆီးတော်မူသော တစ်ထပ်တည်းသာ စားသဖြင့် နည်းသော အာဟာရ ရှိတော်မူသော အာဟာရ၌ လျှပ်ပေါ်မှု ရှိတော်မမူသော အနာဂါရမုနိဖြစ်၍ တော၌ ဈာန်ဝင်စားလေ့ ရှိတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို ဖူးမြော်ကြကုန်စို့။

၁၆...
ခြင်္သေ့မင်းနှင့် တူတော်မူသော ကိလေသာ အဖော်မမှီး တစ်ယောက်တည်း ဖြစ်တော်မူသော တစ်ဖန် ဘဝသစ်သို့ မသွားသော ကာမတို့၌ ငဲ့ကွက်မှုမရှိသော ဤသို့ သဘောရှိသော ထိုမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ သေမင်း ၏ ကျော့ကွင်းမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို မေးလျှောက်ကြကုန်စို့။

၁၇...
သစ္စာဉာဏ်ကို ဟောကြားတော်မူတတ်သော (ကိစ္စဉာဏ် ကတဉာဏ်ကို) ဖြစ်စေတော်မူ တတ်သော စတုမဟာ ဘူမက တရားအားလုံးတို့၏ (အပြီးအဆုံး) ကမ်းတစ်ဖက်သို့ ရောက်တော်မူတတ်သော ရန်တည်းဟူသော ဘေးကို လွန်မြောက်တော်မူပြီးသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို အကျွန်ုပ်တို့ မေးလျှောက်လိုပါကုန်၏။

၁၈...
ဟေမဝတဘီလူးသည် ဤသို့ မေးလျှောက်၏...
အဘယ်တရားဖြစ်လတ်သော် လောကသည် ဖြစ်ပါသနည်း၊ လောကသည် အဘယ်တရား၌ (တဏှာဒိဋ္ဌိဟူသော) ပေါင်းစပ်မှုကို ပြုပါသနည်း၊ အဘယ်တရားကို စွဲ၍ လောကဟု ခေါ်ပါသနည်း၊ အဘယ်တရားကြောင့် လောကသည် ပင်ပန်းပါသနည်း။

၁၉...
မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏...
ဟေမဝတ (အာယတန) ခြောက်ပါးတို့ ဖြစ်ကုန်လတ်သော် လောကသည် ဖြစ်၏၊ လောကသည် (အာယတန) ခြောက်ပါးတို့၌ (တဏှာဒိဋ္ဌိဟူသော) ပေါင်းစပ်မှုကို ပြု၏၊ (အာယတန) ခြောက်ပါးကိုပင် စွဲ၍ လောက ဟု ခေါ်၏၊ (အာယတန) ခြောက်ပါးတို့ကြောင့် လောကသည် ပင်ပန်းရာ၏။

၂၀...
အကြင် စွဲလမ်းရာ၌ လောကသည် ပင်ပန်း၏၊ ထိုစွဲလမ်းရာ ဥပါဒါန်ကား အဘယ်ပါနည်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းကို မေးအပ်သော အသျှင်ဘုရား သည် ဟောတော်မူပါလော့၊ အဘယ်သို့သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်မြောက် ရပါသနည်း။

၂၁...
လောက၌ စိတ်လျှင် ခြောက်ခုမြောက် ရှိကုန်သော ကာမဂုဏ်ငါးပါးတို့ကို ပြအပ်ကုန်ပြီ၊ စိတ်နှင့်တကွ ကာမဂုဏ်ငါးပါး ဤဒုက္ခသစ္စာတရား၌ တဏှာဆန္ဒကို ဖျက်ဆီး၍ ဤသို့သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်မြောက်ရ၏။ (၂၁)

၂၂...
ဤ (မဂ္ဂသစ္စာ) ကို လောက၏ ထွက်မြောက်ကြောင်းဟူ၍ ဟုတ်တိုင်းမှန်စွာ သင်တို့အား ငါဟောကြား၏၊ ဤသို့သော အကြောင်းဖြင့် ဆင်းရဲမှ လွတ် မြောက်ရ၏ဟု သင်တို့အား ဤထွက်မြောက်ကြောင်းကို ငါဟော၏။

၂၃...
ဤလောက၌ အဘယ်သူသည် သြဃ (လေးဖြာသံသရာ)ကို ကူးမြောက် နိုင်ပါသနည်း၊ ဤလောက၌ အဘယ် သူသည် (သံသရာဟူသော) သမုဒ္ဒရာကို ကူးမြောက်နိုင်ပါသနည်း၊ ထောက်၍လည်း မမှီ ဆွဲကိုင်စရာလည်း မရှိသော နက်စွာသော (သံသရာတည်းဟူသော) သမုဒ္ဒရာ၌ အဘယ်သူသည် မနစ် မြုပ်နိုင်ပါ သနည်း။

၂၄...
အကြင်သူသည် အခါခပ်သိမ်း သီလနှင့် ပြည့်စုံ၏၊ ပညာရှိ၏၊ ကောင်းစွာ တည်ကြည်၏၊ ကိုယ်တွင်း သန္တာန်၌ ဝိပဿနာဖြင့် ကြံစည် သုံးသပ်လေ့ရှိ၏၊ သတိရှိ၏၊ ထိုသူသည် ကူးမြောက်နိုင်ခဲသော သြဃ (လေးဖြာသံသရာ) ကို ကူး မြောက် နိုင်၏။

၂၅...
အကြင်သူသည် ကာမသညာမှ ကြဉ်ရှောင်၏၊ သံယောဇဉ်အားလုံးကို လွန် မြောက်၏၊ နှစ်သက်မှု တဏှာနှင့် ဘဝသုံးပါး ကုန်ဆုံးပြီး ဖြစ်၏၊ ထိုသူသည် နက်လှစွာသော (သံသရာတည်းဟူသော) သမုဒ္ဒရာ၌ မနစ်မြုပ်နိုင်။

၂၆...
နက်နဲသော ပညာရှိတော်မူသော သိမ်မွေ့သော ပြဿနာတို့၏ အနက်ကို မြင်တော်မူသော (ရာဂစသော) ကြောင့်ကြမှု မရှိသော နှစ်ပါးသော ကာမ သုံးပါးသော ဘဝ၌ မကပ်ငြိသော အလုံးစုံသော အာရုံ၌ (အနှောင်အဖွဲ့မှ) လွတ်သော ဝိသုဒ္ဓိနတ် အရှင်မြတ်တို့၏ လမ်းခရီး (သမာပတ် ရှစ်ပါး)၌ ကြွသွားတော်မူသော ကျေးဇူးကို ရှာတော်မူသော ထိုမြတ်စွာဘုရားကို သင်တို့ ဖူးမြော်ကြကုန်လော့။

၂၇...
မြတ်လှစွာသော ဂုဏ်တို့ကြောင့် ရအပ်သော အမည်ရှိတော်မူသော သိမ်မွေ့သော
ပြဿနာတို့၏ အနက်ကို မြင်တော်မူသော ပညာကို ပေးတော်မူတတ်သော ကာမတွယ်တာမှု၌ ကပ်ငြိခြင်း ကင်းတော်မူသော တရားအားလုံးကို သိတော် မူပြီးသော ကောင်းသော ပညာရှိတော်မူသော အရိယာတို့ လမ်းခရီး (မဂ္ဂင်ရှစ်ပါး) ၌ ကြွသွားတော်မူသော မြတ် သော ကျေးဇူးကို ရှာမှီးသော ထိုမြတ်စွာဘုရားကို သင်တို့ ဖူးမြော်ကြကုန်လော့။

၂၈...
သြဃလေးဖြာ သံသရာမှ လွန်မြောက်တော် မူပြီးသော အာသဝေါကင်း တော်မူပြီးသော မြတ်စွာဘုရားကို ယနေ့ ငါတို့ ဖူးမြော်ကြရကုန်သည် ဖြစ်ရကား ကောင်းသော အမြင်ကို မြင်ရလေစွတကား၊ ကောင်းစွာ မိုးသောက်ရလေစွ တကား၊ ကောင်းစွာ အိပ်ရာမှ ထရလေစွတကား။

၂၉...
တန်ခိုးကြီးကုန်သော အခြွေအရံ များကုန်သော အလုံးစုံသော ဤဘီလူး တစ်ထောင်တို့သည် အသျှင်ဘုရားကို ကိုးကွယ်ခြင်းသို့ ရောက်ကြပါကုန်၏၊ အသျှင်ဘုရားသည် အကျွန်ုပ်တို့၏ အတုမဲ့ဆရာ ဖြစ်တော်မူပါ၏။

၃၀...
ထိုအကျွန်ုပ်တို့သည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားတော်၏ ကောင်း သောတရား၏ အဖြစ်ကို လည်းကောင်း ရှိခိုးကုန်လျက် တစ်ရွာမှ တစ်ရွာ တစ်တောင်မှ တစ်တောင်သို့ လှည့်လည်ကြ ပါကုန်အံ့။ 153-182

၉ - ဟေမဝတသုတ်၊ ဥရဂ၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: