နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, March 25, 2010

ပစ္စည်းလေးပါး ခွင့်ပြုကြောင်းမှာ...

ပစ္စည်းလေးပါး ခွင့်ပြုကြောင်း

စုန္ဒ ပစ္စုပ္ပန်လောက၌ ဖြစ်သော အာသဝေါတရားတို့ကို ပိတ်ပင်တားမြစ်ရန်သာ ငါသည် သင်တို့အား တရားဟောသည် မဟုတ်။

စုန္ဒ တမလွန်လောက၌ ဖြစ်တတ်သော အာသဝေါတရားတို့ကို ပယ်ဖျောက်ရန်သာ ငါသည် သင်တို့အား တရားဟောသည် မဟုတ်။

စုန္ဒ ပစ္စုပ္ပန်လောက၌ ဖြစ်တတ်သော အာသဝေါတရားတို့ကို ပိတ်ပင်တားမြစ်ရန် လည်းကောင်း၊ တမလွန်လောက၌ ဖြစ်တတ်သော အာသဝေါတရားတို့ကို ပယ်ဖျောက်ရန်လည်းကောင်း ငါသည် သင်တို့အား တရားကို ဟော၏။

သင်္ကန်းကို ခွင့်ပြုခြင်းမှာ...
စုန္ဒ ထို့ကြောင့် ဤသာသနာတော်၌ သင်တို့အား ငါသည် အကြင် သင်္ကန်းကို ခွင့်ပြုအပ်၏၊ ထိုသင်္ကန်းသည် သင်တို့၏ အချမ်းကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ အပူကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ မှက်ခြင် လေ နေပူ မြွေ ကင်းသန်းတို့၏ အတွေ့အထိကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ အရှက်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းရန် စွမ်းနိုင်၏၊ ဤသို့ အချမ်း အပူ ပယ်ဖျောက်ခြင်း စသည်ကိုပြု၍ ရဟန်းတရားကို အားထုတ်ကျင့်ဆောင်လတ္တံ့ဟု ရည်ရွယ်၍ ထိုသင်္ကန်းကို ငါ ခွင့်ပြုအပ်၏။

ဆွမ်းကို ခွင့်ပြုခြင်းမှာ...
သင်တို့အား ငါသည် အကြင် ဆွမ်းကို ခွင့်ပြုအပ်၏၊ ထိုဆွမ်းသည် ဤခန္ဓာကိုယ်ကို ကြာမြင့်စွာ တည်စေရန် စွမ်းနိုင်၏၊ မျှတစေရန် စွမ်းနိုင်၏၊ ငတ်မွတ်ဆာလောင်ခြင်းကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ သာသနာတော်ကို ချီးမြှောက်ရန် စွမ်းနိုင်၏၊ ဤဆွမ်းကို မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းများကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်များကိုလည်း မဖြစ်စေအံ့၊ ငါ့အား ဣရိယာပုထ် မျှတခြင်းသည်လည်း ဖြစ်လတ္တံ့၊ အပြစ်မရှိခြင်းသည်လည်း ဖြစ်လတ္တံ့၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်လတ္တံ့၊ ဤသို့ နှလုံးသွင်း၍ ရဟန်းတရားကို အားထုတ်ကျင့်ဆောင်လတ္တံ့ဟု ရည်ရွယ်၍ ထိုဆွမ်းကို ငါ ခွင့်ပြုအပ်၏။

ကျောင်းကို ခွင့်ပြုခြင်းမှာ...
သင်တို့အား ငါသည် အကြင် ကျောင်းကို ခွင့်ပြုအပ်၏၊ ထိုကျောင်းသည် သင်တို့အား အချမ်းကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ အပူကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့အထိကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ ဥတုကြောင့်ဖြစ်သော ဘေးရန်တို့ကို ပယ်ဖျောက်ရန် ကမ္မဋ္ဌာန်းအာရုံ၌ မွေ့လျော်ရန် စွမ်းနိုင်၏၊ ဤသို့ အချမ်း အပူ ပယ်ဖျောက်ခြင်းစသည်ကိုပြု၍ ရဟန်းတရားကို အားထုတ် ကျင့်ဆောင် လတ္တံ့ ဟု ရည်ရွယ်၍ ထိုကျောင်းကို ငါ ခွင့်ပြုအပ်၏။

ဆေးကို ခွင့်ပြုခြင်းမှာ...
သင်တို့အား ငါသည် အနာ၏ ဆန့်ကျင်ဘက် အသက်၏အရံအကာ အဆောက်အဦဖြစ်သော အကြင်ဆေးကို ခွင့်ပြုအပ်၏၊ ထိုဆေးသည် သင်တို့၏ ဓာတ်ချောက်ချားမှုကြောင့် ဖြစ်သော ဆင်းရဲ ဝေဒနာတို့ကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ ရောဂါဆင်းရဲ မရှိစေရန် စွမ်းနိုင်၏၊ ဤသို့ ဆင်းရဲဝေဒနာ ပယ်ဖျောက်ခြင်း စသည်ကို ပြု၍ ရဟန်းတရားကို အားထုတ် ကျင့်ဆောင် လတ္တံ့ ဟု ရည်ရွယ်၍ ထိုဆေးကို ငါခွင့်ပြုအပ်၏။ 182

ပါသာဒိကသုတ်၊ ပါထိက၀ဂ်ပါဠိတော်။ ဒီဃနိကာယ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: