နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, October 13, 2008

ဣဋ္ဌသုတ်- (အလိုရှိအပ်သည်)

ဣဋ္ဌသုတ်- (အလိုရှိအပ်သည်)

ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သည်ဖြစ်၍ လောက၌ ရခဲသော တရားတို့သည်
ဤငါးမျိုးတို့တည်း။

အဘယ် ငါးမျိုး တို့နည်း ဟူမူ...

၁။ အသက်ရှည်ခြင်းသည် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊
၂။ အဆင်းလှခြင်းသည် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊
၃။ ချမ်းသာခြင်းသည် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊
၎။ အခြံအရံ များခြင်းသည် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊
၅။ နတ်ပြည်တို့သည် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊

ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍
လောက၌ ရခဲသော တရားတို့သည် ဤငါးမျိုးတို့တည်း။

((သင်ရလိုပါလျှင် ? ...))

ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍ လောက၌ ရခဲသော ဤတရားငါးမျိုးတို့ကို (နှုတ်ဖြင့်) တောင့်တခြင်း ဟူသော အကြောင်းကြောင့် လည်းကောင်း၊ (စိတ်ဖြင့်) တောင့်တခြင်း ဟူသော အကြောင်းကြောင့် လည်း ကောင်း ရ၏ ဟု ငါမဆို။

ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍ လောက၌ ရခဲသော ဤတရားငါးမျိုးတို့ကို (နှုတ်ဖြင့်) တောင့်တခြင်း ဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊ (စိတ်ဖြင့်) တောင့်တခြင်း ဟူသော အကြောင်းကြောင့်သော် လည်းကောင်း ရသည်ဖြစ်ခဲ့မူ ဤလောက၌ အဘယ်သူသည် အဘယ်သို့သော အရာမှ ယုတ်လျော့ နိုင်တော့အံ့နည်း။

၁...
ဒါယကာ အရိယာတပည့်သည် အသက်ရှည်ခြင်းကို အလိုရှိသည် ဖြစ်၍ အသက် ရှည်ခြင်းကို (နှုတ်ဖြင့်) တောင့်တခြင်းငှါ လည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါ လည်းကောင်း မထိုက်၊

ဒါယကာ အသက်ရှည်ခြင်း၏ အကြောင်းကြောင့်လည်း အသက်ရှည်လိုသော အရိယာတပည့်သည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သည့် အကျင့်ကို ကျင့်ရ မည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော အသက်ရှည်ခြင်းကို ဖြစ်စေ တတ်သည့် အကျင့်သည် အသက်ရှည်ရန် ဖြစ်၏၊ ထိုသူသည် နတ်သက်ရှည် ခြင်းကိုသော် လည်းကောင်း၊ လူသက်ရှည်ခြင်းကိုသော် လည်းကောင်း ရနိုင်၏။

ဒါယကာ အရိယာတပည့်သည် အဆင်းလှခြင်းကို အလိုရှိသည် ဖြစ်၍ အဆင်းလှ ခြင်းကို (နှုတ်ဖြင့်) တောင့်တခြင်းငှါ လည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါ လည်းကောင်း မထိုက်၊

ဒါယကာ အဆင်းလှခြင်း၏ အကြောင်းကြောင့်လည်း အဆင်းလှလိုသော အရိယာ တပည့်သည် အဆင်းလှခြင်းကို ဖြစ်စေတတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော အဆင်းလှခြင်းကို ဖြစ်စေတတ်သည့် အကျင့်သည် အဆင်းလှရန် ဖြစ်၏၊ ထိုသူသည် နတ် အဆင်းလှခြင်းကို သော်လည်းကောင်း၊ လူအဆင်း လှခြင်းကိုသော် လည်းကောင်း ရနိုင်၏။

၂...
ဒါယကာ အရိယာတပည့်သည် ချမ်းသာကို အလိုရှိသည်ဖြစ်၍ ချမ်းသာကို (နှုတ်ဖြင့်) တောင့်တခြင်းငှါ လည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါ လည်း ကောင်း မထိုက်၊ ဒါယကာ ချမ်းသာခြင်း၏ အကြောင်းကြောင့်လည်း ချမ်းသာကို လိုသော အရိယာတပည့်သည် ချမ်းသာကို ဖြစ်စေတတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော ချမ်းသာစေတတ် သော အကျင့်သည် ချမ်းသာကို ရခြင်းငှါ ဖြစ်၏၊ ထိုသူသည် နတ်ချမ်းသာကိုသော် လည်းကောင်း၊ လူချမ်းသာကိုသော် လည်းကောင်း ရနိုင်၏။

၃...
ဒါယကာ အရိယာတပည့်သည် အခြံအရံကို အလိုရှိသည်ဖြစ်၍ အခြံအရံကို (နှုတ်ဖြင့်) တောင့်တခြင်းငှါ လည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါ လည်း ကောင်း မထိုက်၊ ဒါယကာ အခြံအရံများခြင်း၏ အကြောင်းကြောင့်လည်း အခြံအရံ ကို လိုသော အရိယာတပည့်သည် အခြံအရံကို ဖြစ်စေတတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော အခြံအရံကို ဖြစ်စေတတ်သည့် အကျင့်သည် အခြံအရံကို ရခြင်းငှါ ဖြစ်၏၊ ထိုသူသည် နတ် အခြံအရံကိုသော် လည်းကောင်း၊ လူအခြံအရံကိုသော် လည်းကောင်း ရနိုင်၏။

၎...
ဒါယကာ အရိယာတပည့်သည် နတ်ပြည်သို့ ရောက်လိုသည် ဖြစ်၍ နတ်ပြည်ကို (နှုတ်ဖြင့်) တောင့်တခြင်းငှါ လည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါ လည်း ကောင်း မထိုက်၊ ဒါယကာ နတ်ပြည်တို့၏ အကြောင်းကြောင့်လည်း နတ်ပြည်ကို လိုသော အရိယာတပည့်သည် နတ်ပြည်၌ ဖြစ်စေ တတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော နတ်ပြည်၌ ဖြစ်စေ တတ်သည့် အကျင့်သည် နတ်ပြည်ကို ရခြင်းငှါ ဖြစ်၏၊ ထိုသူသည် နတ်ပြည်တို့ကို ရနိုင်၏ ဟု (မိန့်တော်မူ၏)။

၅...
အသက်ရှည်ခြင်းကို လည်းကောင်း၊ အဆင်းလှခြင်းကို လည်းကောင်း၊ အခြံအရံ များခြင်းကို လည်းကောင်း၊ ကျော်စောခြင်းကို လည်းကောင်း၊ နတ်ပြည်သို့ ရောက်ခြင်းကို လည်းကောင်း၊ မြင့်မြတ်သော အမျိုးရှိသည်၏ အဖြစ်ကို လည်းကောင်း၊ အဆင့်ဆင့် မြင့်မြတ်သော မွေ့လျော်ဖွယ်တို့ကို လည်းကောင်း တောင့်တသော အမျိုးကောင်းသားသည် (ကောင်းမှုကုသိုလ်တို့၌ မမေ့မလျော့ရာ) ကောင်းမှုတို့၌ မမေ့မလျော့ခြင်းကို ပညာရှိတို့ ချီးမွမ်းကုန်၏၊ မမေ့မလျော့သော ပညာရှိသည် အကျိုးနှစ်ပါးတို့ကို ရနိုင်၏။ မျက်မှောက်ဘ၀၌ ဖြစ်သော အကျိုးစီပွါး၊ တမလွန်ဘ၀၌ ဖြစ်သော အကျိုးစီးပွါး ဟူသော အကျိုးနှစ်ပါးကို ရခြင်းကြောင့် ပညာရှိကို ပဏ္ဍိတ ဟူ၍ ဆိုအပ်၏။

၃ - ဣဋ္ဌသုတ်၊ မုဏ္ဍရာဇ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။