နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, October 15, 2008

ပဌမ သမယသုတ်-

ရဟန်းတော်များထံ ချဉ်းကပ်ရန် အချိန်အခါ



ပဌမ သမယသုတ်-

ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်
တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

{{အသျှင်ဘုရား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါတို့သည် အဘယ်မျှ ရှိပါကုန် သနည်း}} ဟု လျှောက်၏။

ရဟန်း စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါတို့သည် ဤခြောက်မျိုးတို့တည်း။

အဘယ် ခြောက်မျိုးတို့နည်းဟူမူ-

၁...
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့ကို စွဲမက်မှု {ကာမရာဂ} ထကြွ သောင်းကျန်း၍ ကာမ ရာဂ နှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ကာမ ရာဂမှ ထွက်မြောက်ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိသောအခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏။
{{ငါ့သျှင် အကျွန်ုပ်သည် ကာမဂုဏ်တို့ကို စွဲမက်မှု {ကာမရာဂ} ထကြွ သောင်း ကျန်း၍ ကာမ ရာဂ နှိပ်စက်သော စိတ်ဖြင့် နေရပါ၏၊ ဖြစ်ပေါ်လာသော ကာမ ရာဂမှ ထွက်မြောက်ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ကာမ ရာဂကို ပယ်ရန် တရားဟောတော်မူပါ}} ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ကာမဂုဏ်တို့ကို စွဲမက်မှု {ကာမ ရာဂ} ကို ပယ်ရန် တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် ပဌမအခါပင်တည်း။

၂...
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် ပျက်စီးစေလိုမှု {ဗျာပါဒ} ထကြွ သောင်းကျန်း၍ ဗျာပါဒ နှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ဗျာပါဒမှ ထွက်မြောက်ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏-
{{ငါ့သျှင် အကျွန်ုပ်သည် ပျက်စီးစေလိုမှု {ဗျာပါဒ} ထကြွ သောင်းကျန်း၍ ဗျာပါဒ နှိပ်စက်သောစိတ်ဖြင့် နေရပါ၏၊ ဖြစ်ပေါ်လာသော ဗျာပါဒမှ ထွက်မြောက် ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ဗျာပါဒကို ပယ်ရန် တရား ဟောတော်မူပါ}} ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ပျက်စီးစေလိုမှု {ဗျာပါဒ} ကို ပယ်ရန် တရား ဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် ဒုတိယ အခါပင်တည်း။

၃...
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် လေးလံ ထိုင်းမှိုင်းမှု {ထိနမိဒ္ဓ} ထကြွ သောင်းကျန်း၍ ထိနမိဒ္ဓ နှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ထိနမိဒ္ဓမှ ထွက်မြောက်ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏-
{{ငါ့သျှင် အကျွန်ုပ်သည် လေးလံ ထိုင်းမှိုင်းမှု {ထိနမိဒ္ဓ} ထကြွ သောင်းကျန်း၍ ထိနမိဒ္ဓ နှိပ်စက်သောစိတ်ဖြင့် နေရပါ၏၊ ဖြစ်ပေါ်လာသော ထိနမိဒ္ဓမှ ထွက် မြောက်ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာမသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ထိနမိဒ္ဓကို ပယ်ရန် တရား ဟောတော်မူပါ}} ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် လေးလံ ထိုင်းမှိုင်းမှု {ထိနမိဒ္ဓ} ကို ပယ်ရန် တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် တတိယ အခါပင်တည်း။

၎...
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် ပျံ့လွင့်မှု နောင်တပူပန်မှု {ဥဒ္ဓစ္စကုက္ကုစ္စ} ထကြွသောင်းကျန်း၍ ဥဒ္ဓစ္စကုက္ကုစ္စ နှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ် လာသော ဥဒ္ဓစ္စကုက္ကုစ္စမှ ထွက်မြောက်ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိသောအခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏-{{ငါ့သျှင် အကျွန်ုပ်သည် ပျံ့လွင့်မှု နောင်တပူပန်မှု {ဥဒ္ဓစ္စကုက္ကုစ္စ} ထကြွ သောင်းကျန်း၍ ဥဒ္ဓစ္စ ကုက္ကုစ္စ္ဓ နှိပ်စက်သော စိတ်ဖြင့် နေရပါ၏၊ ဖြစ်ပေါ်လာသော ဥဒ္ဓစ္စကုက္ကုစ္စမှ ထွက်မြောက်ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ဥဒ္ဓစ္စကုက္ကုစ္စကို ပယ်ရန် တရား ဟောတော်မူပါ}} ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ပျံ့လွင့်မှု နောင်တ ပူပန်မှု {ဥဒ္ဓစ္စကုက္ကုစ္စ} ကိုပယ်ရန် တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် စတုတ္ထ အခါပင်တည်း။

၅...
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် မဝေခွဲနိုင်မှု {၀ိစိကိစ္ဆာ} ထကြွ သောင်းကျန်း၍ ၀ိစိကိစ္ဆာနှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ၀ိစိကိစ္ဆာမှ ထွက်မြောက်ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏-
{{ငါ့သျှင် အကျွန်ုပ်သည် မဝေခွဲနိုင်မှု {၀ိစိကိစ္ဆာ} ထကြွ သောင်းကျန်း၍ ၀ိစိကိစ္ဆာ နှိပ်စက်သောစိတ်ဖြင့် နေရပါ၏၊ ဖြစ်ပေါ်လာသော ၀ိစိကိစ္ဆာမှ ထွက်မြောက် ကြောင်းကိုလည်း ဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ၀ိစိကိစ္ဆာကို ပယ်ရန် တရား ဟောတော်မူပါ}} ဟု(ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် မဝေခွဲနိုင်မှု {၀ိစိကိစ္ဆာ} ကို ပယ်ရန် တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမျှော်ခြင်းငှါ ချဉ်းကပ်ရန် ပဉ္စမ အခါပင်တည်း။

၆...
ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် အကြင် အာရုံနိမိတ်ကို အစွဲပြု၍ အကြင် အာရုံနိမိတ်ကို နှလုံးသွင်းသော ရဟန်းအား အန္တရာယ် မရှိသဖြင့် အာသဝေါ တရား ကုန်ခန်း၏၊ ထိုအာရုံ နိမိတ်ကို မသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏- {{ငါ့သျှင် အကျွန်ုပ်သည် အကြင် အာရုံနိမိတ်ကို အစွဲပြု၍ အကြင် အာရုံနိမိတ်ကို နှလုံးသွင်း
သူအား အန္တရာယ် မရှိသဖြင့် အာသဝေါ တရား ကုန်ခန်း၏၊ ထိုအာရုံ နိမိတ်ကို မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား အာသဝေါ တရားကို ကုန်ခန်းရန် တရား ဟောတော်မူပါ}} ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် အာသဝေါ တရားတို့ ကုန်ခန်းရန် တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် ဆဋ္ဌမ အခါပင်တည်း။

ရဟန်း စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါတို့သည် ဤခြောက်မျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

၇ - ပဌမ သမယသုတ်၊ အနုတ္တရိယ၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။