နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, September 16, 2009

ဦးပြည်း ရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြရစေကုန်လင့်...

မြတ်ဗုဒ္ဓအပေါ်တွင် ယုတ်မာသူတို့သည်
ရှေးကထဲက ရှိခဲ့ကြလေသည်
ယခုလည်း ရှိပေသည်
နောင်ကိုလည်း ရှိလိမ့်ဦးမည်...


ဥဒပါနသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ မလ္လတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော် မလ္လမင်းတို့၏ ထူဏမည်သော ပုဏ္ဏားရွာသို့ ဆိုက်ရောက်၏။ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ''အချင်းတို့ သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမသည် များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီ လှည့်လည်ခဲ့ရာ ထူဏပုဏ္ဏားရွာသို့ ဆိုက်ရောက်၏'' ဟု ကြားကြကုန်၏။ ထိုအခါ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ''ဦးပြည်း ရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြရစေကုန်လင့်'' ဟု (နှလုံးပိုက်ကာ) ရေတွင်းကို မြက်ဖြင့် လည်းကောင်း၊ ဖွဲဖြင့် လည်းကောင်း ရေတွင်း နှုတ်ခမ်းဝတိုင်အောင် ဖို့ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှ ဖဲ၍ သစ်ပင်ရင်းသို့ ချဉ်းကပ်လျက် ခင်းထားအပ်သော နေရာ၌ ထိုင်တော် မူပြီးသော် အသျှင်အာနန္ဒာအား ''အာနန္ဒာ ငါခိုင်းလို၏။ သင်သည် ငါဘုရား သောက်ရန် ထိုရေတွင်းမှ သောက်ရေကို ဆောင်ခဲ့လော့'' ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်ဆိုလတ်သော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား ယခုအခါ ဦးပြည်း ရဟန်းယုတ်တို့သည် သောက်ရေကို မသောက်ကြစေကုန်လင့်'' ဟု နှလုံးပိုက်ကာ ရေတွင်းကို ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြက်ဖြင့် လည်းကောင်း၊ ဖွဲဖြင့် လည်းကောင်း ရေတွင်း နှုတ်ခမ်းဝတိုင်အောင် ဖို့ထားကြ ပါကုန်သည်'' ဟု (လျှောက်၏)။

နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ''အာနန္ဒာ ငါခိုင်းလို၏။ သင်သည် ငါဘုရား သောက်ရန် ထိုရေတွင်းမှ သောက်ရေကို ဆောင်ခဲ့လော့'' ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ'' ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ သပိတ်ကို ယူလျက် ထိုရေတွင်းသို့ ချဉ်းကပ်၏။ ထိုအခါ အသျှင်အာနန္ဒာ ချဉ်းကပ်လတ်သော် ထိုရေတွင်းသည် ထိုအလုံးစုံသော မြက်ကို လည်းကောင်း၊ ဖွဲကို လည်းကောင်း ရေတွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင် သော ရေဖြင့် တွင်းနှုတ်ခမ်းဝ
တိုင်အောင် ပြည့်လျက် စီးထွက်သကဲ့သို့ တည်၏။

ထိုအခါ အသျှင်အာနန္ဒာအား ဤအကြံသည် ဖြစ်၏ ''အချင်းတို့ မြတ်စွာဘုရား၏ တန်ခိုး အာနုဘော် ကြီးသည်၏ အဖြစ်သည် အံ့သြဖွယ်ရှိပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ငါ ချဉ်းကပ် မိသောအခါ ဤရေတွင်းသည် အလုံးစုံသော မြက်ကို လည်းကောင်း၊ ဖွဲကို လည်းကောင်း တွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင် သော ရေဖြင့် ရေတွင်း နှုတ်ခမ်းဝတိုင်အောင် စီးထွက်သကဲ့သို့ တည်၏'' ဟု (အကြံဖြစ်၏၊) အသျှင်အာနန္ဒာသည် ဤသို့ ကြံပြီးလျှင် သပိတ်ဖြင့် သောက်ရေကို ယူဆောင်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍...

မြတ်စွာဘုရားကို ''အသျှင်ဘုရား မြတ်စွာဘုရား၏ တန်ခိုးအာနုဘော် ကြီးသည်၏ အဖြစ်သည် အံ့သြဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား တပည့်တော် ချဉ်းကပ်မိသောအခါ ထိုရေတွင်းသည် အလုံးစုံသော မြက်ကို လည်းကောင်း၊ ဖွဲကို လည်းကောင်း တွင်းနှုတ်ခမ်းဝမှ အန်ထုတ်၍ ကြည်လင်သော မနောက်ကျုသော အထူးကြည်လင်သော ရေဖြင့် တွင်းနှုတ်ခမ်းဝ တိုင်အောင် ပြည့်လျက် စီးထွက် သကဲ့သို့ တည်ပါ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရေကို သောက်တော်မူပါ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သည် ရေကို သောက်တော်မူပါ'' ဟု လျှောက်၏။

မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌ -

''ရေတို့သည် အခါခပ်သိမ်း အရပ်အားလုံး တို့၌ အကယ်၍ ဖြစ်ပေါ်နေကြကုန်မူ ရေတွင်းဖြင့် အသို့ ပြုရအံ့နည်း။ အလိုရှိသည်ကို မရခြင်းကြောင့် ဖြစ်သော ဆင်းရဲ၏ အကြောင်းဖြစ်သော တဏှာ၏ အမြစ်ကို ဖြတ်၍တည်သော ငါကဲ့သို့သော ဘုရားသျှင်သည် အဘယ့်ကြောင့် ရှာမှီးရန် လှည့်လည်ရအံ့နည်း'' ဟု
ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 69

၉ - ဥဒပါနသုတ်၊ စူဠဝဂ်၊ ဥဒါန်းပါဠိတော်။ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။




No comments: