နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, July 3, 2009

သူတော်ကောင်းတို့၏ နေခြင်း...

ဒုတိယ အရိယာဝါသသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မမည်သော
ကုရုတိုင်းသူ တို့၏ နိဂုံး၌ သီတင်းသုံး နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏။ပ။

ရဟန်းတို့ အရိယာတို့၏ နေခြင်းတို့သည် ဤဆယ်မျိုးတို့တည်း
ယင်းအရိယာ တို့၏နေခြင်း ဆယ်မျိုးတို့ကို အရိယာတို့သည်

ရှေးကလည်းမှီ၍ နေကြကုန်ပြီ၊
ယခုလည်းမှီ၍ နေကြကုန်ဆဲ၊
နောင်လည်းမှီ၍ နေကြကုန်လတ္တံ့။


အဘယ်ဆယ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

၁… အင်္ဂါငါးမျိုးကို ပယ်ပြီးဖြစ်၏၊
၂… အင်္ဂါခြောက်မျိုးနှင့် ပြည့်စုံ၏၊
၃… အစောင့်အရှောက် တစ်ခုရှိ၏၊
၎… မှီရာလေးခုရှိ၏၊
၅… ပယ်နုတ်ပြီး သီးခြားသစ္စာ ရှိ၏၊
၆… ရှာမှီးခြင်း အားလုံးကို ကောင်းစွာစွန့်ပြီး ဖြစ်၏၊
၇… မနောက်ကျုသော အကြံရှိ၏၊
၈… ကိုယ်ကို ပြုပြင်မှု 'ကာယသင်္ခါရ' ငြိမ်းပြီး ဖြစ်၏၊
၉… ကောင်းစွာ လွတ်မြောက်ပြီးသော စိတ်ရှိ၏၊
၁၀… ကောင်းစွာ လွတ်မြောက်ပြီးသော ပညာရှိ၏။

၁…
ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အင်္ဂါငါးမျိုးကို ပယ်ပြီးဖြစ်သနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့၌ လိုချင်မှု 'ကာမစ္ဆန္ဒ'ကို ပယ်ပြီးဖြစ်၏၊ ပျက်စီးစေလိုမှု 'ဗျာပါဒ'ကို ပယ်ပြီး ဖြစ်၏၊ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'ကို ပယ်ပြီးဖြစ်၏၊ ပျံ့လွင့်မှုနောင်တတဖန် ပူပန်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ'ကို ပယ်ပြီး ဖြစ်၏၊ ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ပယ်ပြီးဖြစ်၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် အင်္ဂါငါးမျိုးကို ပယ်ပြီး ဖြစ်၏။

၂…
ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အင်္ဂါခြောက်မျိုးနှင့် ပြည့်စုံသနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်သော် ဝမ်းလည်းမသာ ဝမ်းလည်းမနည်း သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု လျက် နေ၏။ နားဖြင့် အသံကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ကို နံသော်။ လျှာဖြင့် အရသာကို လျက်သော်။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်။ စိတ်ဖြင့် သဘောတရားကို သိသော် ဝမ်းလည်းမသာ ဝမ်းလည်းမနည်း သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါခြောက်မျိုးနှင့် ပြည့်စုံ၏။

၃…
ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အစောင့်အရှောက် တစ်ခုရှိသနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိတည်း ဟူသော အစောင့် အရှောက်ရှိသော စိတ်နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အစောင့် အရှောက်တစ်ခု ရှိ၏။


၎…
ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် မှီရာ လေးခုရှိသနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆင်ခြင်၍ အချို့ကို မှီဝဲ၏၊ ဆင်ခြင်၍ အချို့ကို သည်းခံ၏၊ ဆင်ခြင်၍ အချို့ကို ရှောင်ကြဉ်၏၊ ဆင်ခြင်၍ အချို့ကို ပယ်ဖျောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မှီရာ လေးခုရှိ၏။

၅…
ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ပယ်နုတ်ပြီး သီးခြားသစ္စာ ရှိသနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် များစွာသော သမဏဗြာဟ္မဏတို့၏ သီးခြားသစ္စာ များစွာ ရှိကုန်၏။ ဤသည်တို့ကား အဘယ်တို့နည်း၊ ''လောကသည် မြဲ၏'' ဟု လည်းကောင်း၊ ''လောကသည် မမြဲ'' ဟု လည်းကောင်း၊ ''လောကသည် အဆုံးရှိ၏'' ဟု လည်းကောင်း၊ ''လောကသည် အဆုံးမရှိ'' ဟု လည်းကောင်း၊ ''ထိုအသက်သည် ထိုကိုယ်ဖြစ်၏'' ဟု လည်းကောင်း၊ ''အသက်တခြား ကိုယ်တခြား'' ဟု လည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက်ရှိ၏'' ဟု လည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက် မရှိ'' ဟု လည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက် ရှိလည်းရှိ မရှိလည်းမရှိ'' ဟု လည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက် ရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ်'' ဟု လည်းကောင်း ဤသည်တို့တည်း။ ထိုအလုံးစုံသော သစ္စာတို့ကို နုတ်အပ်ကုန်၏၊ ပယ်နုတ်အပ်ကုန်၏၊ စွန့်အပ်ကုန်၏၊ ထွေးအန်အပ်ကုန်၏၊ လွှတ်အပ်ကုန်၏၊ ပယ်အပ်ကုန်၏၊ တစ်ဖန်စွန့်အပ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ပယ်နုတ်ပြီး သီးခြားသစ္စာရှိ၏။

၆…
ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရှာမှီးခြင်း အားလုံးကို ကောင်းစွာ စွန့်အပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့၌ ရှာမှီးခြင်းကို ပယ်အပ်ပြီး ဖြစ်၏၊ ဘဝ၌ ရှာမှီးခြင်းကို ပယ်အပ်ပြီး ဖြစ်၏၊ မြတ်သောအကျင့်၌ ရှာမှီးခြင်းသည် ငြိမ်း၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရှာမှီးခြင်း အားလုံးကို ကောင်းစွာ စွန့်အပ်၏။

၇…
ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် မနောက်ကျုသော အကြံရှိသနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်၌ ကြံစည်မှုကို ပယ်အပ်ပြီး ဖြစ်၏၊ ပျက်စီးစေလိုခြင်း ဟူသော ကြံစည်မှုကို ပယ်အပ်ပြီး ဖြစ်၏၊ ညှဉ်းဆဲလိုခြင်း ဟူသော ကြံစည်မှုကို ပယ်အပ်ပြီး ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မနောက်ကျုသော အကြံရှိ၏။

၈…
ရဟန်းသည် အဘယ်သို့လျှင် ကိုယ်ကိုပြုပြင်မှု 'ကာယသင်္ခါရ'ငြိမ်းပြီး ဖြစ်သနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့် လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့် ခြင်းကြောင့် လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့ရောက်၍ နေ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကိုယ်ကို ပြုပြင်မှု 'ကာယသင်္ခါရ' ငြိမ်းပြီး ဖြစ်၏။

၉…
ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ကောင်းစွာ လွတ်မြောက်ပြီးသော စိတ်ရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တပ်စွန်းမှု 'ရာဂ'မှ စိတ်သည် လွတ်မြောက်၏၊ အမျက်ထွက်မှု 'ဒေါသ'မှ စိတ်သည် လွတ်မြောက်၏၊ တွေဝေမှု 'မောဟ'မှ စိတ်သည် လွတ်မြောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင်းစွာ လွတ်မြောက်ပြီးသော စိတ်ရှိ၏။

၁၀…
ရဟန်းသည် အဘယ်သို့လျှင် ကောင်းစွာ လွတ်မြောက်ပြီးသော ပညာရှိသနည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ''ငါသည် တပ်စွန်းမှု 'ရာဂ'ကို ပယ်အပ်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိပြီ'' ဟု သိ၏။ ''ငါသည် အမျက်ထွက်မှု 'ဒေါသ'ကို ပယ်အပ်ပြီ။ပ။ ငါသည် တွေဝေမှု 'မောဟ'ကို ပယ်အပ်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာ ကဲ့သို့ ပြုအပ်ပြီ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်အခါ၌ မဖြစ်ခြင်း သဘော မရှိပြီ''ဟု သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင်းစွာ လွတ်မြောက်ပြီးသော ပညာရှိ၏။

ရဟန်းတို့ လွန်ခဲ့ပြီး အဓွန့်ကာလ၌ အရိယာအားလုံးတို့သည် အရိယာတို့၏ ဤနေခြင်း ဆယ်မျိုးတို့ကိုသာလျှင် မှီ၍ နေခဲ့ကြကုန်ပြီ။ ရဟန်းတို့ လာလတ္တံ့ အဓွန့်ကာလ၌ အရိယာတို့သည် အရိယာတို့၏ ဤနေခြင်း ဆယ်မျိုးတို့ကို သာလျှင် မှီ၍ နေကြကုန်လတ္တံ့။ ရဟန်းတို့ ယခုအခါ၌လည်း အရိယာအားလုံးတို့ သည် အရိယာတို့၏ နေခြင်းဆယ်မျိုးတို့ကို သာလျှင် မှီ၍ နေကုန်၏၊ ရဟန်းတို့ ဤသည်တို့ကား အရိယာတို့၏ နေခြင်းဆယ်မျိုးတို့ ပေတည်း၊ ယင်းဆယ်မျိုးတို့ကို အရိယာတို့သည် ရှေးကလည်းမှီ၍ နေကြကုန်ပြီ၊ ယခုလည်းမှီ၍ နေကြကုန်ဆဲ၊ နောင်လည်း မှီ၍ နေကြကုန်လတ္တံ့ ဟု မိန့်တော်မူ၏။ 20

၁ဝ - ဒုတိယ အရိယာဝါသသုတ်၊ နာထ၀ဂ်၊ ဒသကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။