နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, July 8, 2009

ခွေးတို့၌သာ တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရတော့...

သောဏသုတ်

ရဟန်းတို့ …
ဤရှေးဟောင်း ပုဏ္ဏားသဘော ငါးမျိုးတို့ကို
ယခုအခါ ခွေးတို့၌ တွေ့မြင်ရကုန်၏၊ ပုဏ္ဏားတို့၌ မတွေ့မြင်ရကုန်။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁…
ရဟန်းတို့ ရှေးအခါက ပုဏ္ဏားတို့သည် ပုဏ္ဏေးမကိုသာလျှင် သွားလာကုန်၏၊ ပုဏ္ဏေးမ မဟုတ်သူကို မသွားလာကုန်၊ ရဟန်းတို့ ယခုအခါ၌ကား ပုဏ္ဏားတို့သည် ပုဏ္ဏေးမကိုလည်း သွားလာကုန်၏၊ ပုဏ္ဏေးမ မဟုတ်သူကိုလည်း သွားလာကုန်၏။

ရဟန်းတို့ ယခုအခါ၌ ခွေးတို့သည် ခွေးမကိုသာလျှင် သွားလာကုန်၏၊ ခွေးမ မဟုတ်သည်ကို မသွားလာကုန်၊ ရဟန်းတို့ ဤသည်ကား ယခုအခါ ခွေးတို့၌သာ တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော ပဌမ ရှေးဟောင်း ပုဏ္ဏားသဘော ပေတည်း။

၂…
ရဟန်းတို့ ရှေးအခါက ပုဏ္ဏားတို့သည် ဥတုလာသော ပုဏ္ဏေးမကိုသာလျှင် သွားလာကုန်၏၊ ဥတုမလာသော ပုဏ္ဏေးမကို မသွားလာကုန်၊ ရဟန်းတို့ ယခုအခါ၌ကား ပုဏ္ဏားတို့သည် ဥတုလာသော ပုဏ္ဏေးမကိုလည်း သွားလာကုန်၏၊ ဥတု မလာသော ပုဏ္ဏေးမကိုလည်း သွားလာကုန်၏။

ရဟန်းတို့ ယခုအခါ၌ ခွေးတို့သည် ဥတုလာသော ခွေးမကိုသာလျှင် သွားလာ ကုန်၏၊ ဥတု မလာသော ခွေးမကို မသွားလာကုန်။ ရဟန်းတို့ ဤသည်ကား ယခုအခါ ခွေးတို့၌သာ တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော ဒုတိယ ရှေးဟောင်း ပုဏ္ဏားသဘောပေတည်း။

၃…
ရဟန်းတို့ ရှေးအခါက ပုဏ္ဏားတို့သည် ပုဏ္ဏေးမကို မဝယ်ကုန်၊ မရောင်းကုန်၊ အချင်းချင်း ချစ်မြတ်နိုးသဖြင့် သာလျှင် အစဉ်အလာကို ဖွဲ့စပ်ရန် ပေါင်းဖော်ကြ ကုန်၏။ ရဟန်းတို့ ယခုအခါ၌ကား ပုဏ္ဏားတို့သည် ပုဏ္ဏေးမကို ဝယ်လည်း ဝယ်ကုန်၏၊ ရောင်းလည်း ရောင်းကုန်၏၊ အချင်းချင်း ချစ်မြတ်နိုး သဖြင့်လည်း အစဉ်အလာကို ဖွဲ့စပ်ရန် ပေါင်းဖော်ကြကုန်၏။

ရဟန်းတို့ ယခုအခါ၌ ခွေးတို့သည် ခွေးမကို မရောင်း မဝယ်ကုန်၊ အချင်းချင်း ချစ်မြတ်နိုးသဖြင့်သာလျှင် အစဉ်အလာကို ဖွဲ့စပ်ရန် ပေါင်းဖော်ကြကုန်၏။ ရဟန်းတို့ ဤသည်ကား ယခုအခါ ခွေးတို့၌ သာလျှင် တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော တတိယ ရှေးဟောင်း ပုဏ္ဏားသဘောပေတည်း။

၎…
ရဟန်းတို့ ရှေးအခါက ပုဏ္ဏားတို့သည် ဥစ္စာ စပါး ငွေ ရွှေကို မသိုမှီး မသိမ်း ဆည်းကြကုန်၊ ရဟန်းတို့ ယခုအခါ၌ကား ပုဏ္ဏားတို့သည် ဥစ္စာ စပါး ငွေ ရွှေကို သိုမှီး သိမ်းဆည်းကြကုန်၏။

ရဟန်းတို့ ယခုအခါ၌ ခွေးတို့သည် ဥစ္စာ စပါး ငွေ ရွှေကို မသိုမှီး မသိမ်းဆည်း ကြကုန်။ ရဟန်းတို့ ဤသည်ကား ယခုအခါ ခွေးတို့၌သာလျှင် တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော စတုတ္ထ ရှေးဟောင်း ပုဏ္ဏား သဘောပေတည်း။

၅…
ရဟန်းတို့ ရှေးအခါက ပုဏ္ဏားတို့သည် ညအခါ ညစာအလို့ငှါ နံနက်အခါ နံနက်စာ အလို့ငှါ အစားအစာကို ရှာကုန်၏၊ ရဟန်းတို့ ယခုအခါ၌ကား ပုဏ္ဏားတို့သည် အလိုရှိတိုင်း ဝမ်းပြည့်အောင် စားပြီးလျှင် အကြွင်းကို ယူ၍ သွားကုန်၏။

ရဟန်းတို့ ယခုအခါ၌ ခွေးတို့သည် ညအခါ၌ ညစာအလို့ငှါ နံနက်အခါ၌ နံနက်စာ အလို့ငှါ အစားအစာကို ရှာကုန်၏။ ရဟန်းတို့ ဤသည်ကား ယခုအခါ ခွေးတို့၌ သာလျှင် တွေ့မြင်ရ၍ ပုဏ္ဏားတို့၌ မတွေ့မြင်ရသော ပဉ္စမ ရှေးဟောင်း ပုဏ္ဏား သဘောပေတည်း။

ရဟန်းတို့
ဤရှေးဟောင်း ပုဏ္ဏားသဘော ငါးမျိုးတို့ကို
ယခုအခါ ခွေးတို့၌သာ တွေ့မြင်ရကုန်၏၊
ပုဏ္ဏားတို့၌ မတွေ့မြင်ရကုန် ဟု မိန့်တော်မူ၏။ 191

၁ - သောဏသုတ်၊ ဗြဟ္မဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

No comments: