နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, July 25, 2009

ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏...




ဗဟုဓီတရသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည်
ကောသလတိုင်း တောအုပ်တစ်ခု၌ သီတင်းသုံးနေတော်မူ၏၊

ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားတစ်ယောက်အား ခိုင်းနွား တစ်ဆယ့် လေးကောင်တို့သည် ပျောက်ကုန်၏၊ ထိုအခါ၌ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ထိုနွားတို့ကို ရှာသည်ရှိသော် ထိုတောအုပ်သို့ ချဉ်းကပ်ပြီးလျှင် တောအုပ်အတွင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေကာ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်သောကြေင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို ရွတ်ဆို လျှောက်ထား၏-

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား နွားပျောက်၍ ခြောက်ရက်ရှိလာသော ဤယနေ့၌ ခိုင်းနွား တစ်ဆယ့်လေးကောင်တို့ မပျောက်လေကုန်သလော၊ ထိုသို့ မပျောက်သော ကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင် တကား။

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား နှမ်းခင်း၌ တစ်ရွက်နှစ်ရွက်သာ ကြွင်းကျန်ရစ်ကုန်သော နှမ်း ငုတ်တို့ မရှိလေကုန် သလော၊ ထိုသို့ မရှိသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင် တကား။

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား အချည်းနည်းသော ကျီ၌ ကြွက်တို့ လှည့်လည်လျက် မမြူးထူး ကုန်သလော၊ ထိုသို့ မမြူးထူးသောကြောင့် ဤရဟန်းအား ချမ်းသာစွာ နေရယောင် တကား။

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား ခုနစ်လပတ်လုံး သုတ်သင်မှုကင်းသော မြက်အခင်းသည် ဥပ္ပါဋက ပိုးတို့ဖြင့် မဖုံးလွှမ်းလေသလော၊ ထိုသို့ မဖုံးလွှမ်းသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား သားတစ်ယောက်, နှစ်ယောက်စီရှိကုန်သော မုဆိုးမဖြစ်သည့် သမီးခုနှစ်ယောက်တို့ မရှိလေကုန်သလော၊ ထိုသို့ မရှိသောကြောင့် ဤရဟန်း သည် ချမ်းသာစွာ နေရယောင်တကား။

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား မျက်စိနီကြောင်၍ မှဲ့မည်းရှိသော မိန်းမသည် အိပ်နေသူကို ခြေဖြင့် ကျောက်ကန်၍ မနှိုးလေသလော၊ ထိုသို့ မနှိုးသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား

ပုဏ္ဏားသည် ဤသို့ဆို၏... ဤရဟန်းအား ...
မိုးသောက်ထအခါ၌ မြီရှင်တို့သည် 'ပေးကုန်လော့၊ ပေးကုန်လော့' ဟု မတောင်း ကုန်လေသလော၊ ထိုသို့ မတောင်းသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား'' ဟု ရွတ်ဆို လျှောက်ထား၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား နွားပျောက်၍ ခြောက်ရက်ရှိလာသော ဤယနေ့၌ ခိုင်းနွား တစ်ဆယ့်လေးကောင်တို့ မပျောက်ကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား နှမ်းခင်း၌ တစ်ရွက်နှစ်ရွက်သာ ကြွင်းကျန်ရစ်ကုန်သော နှမ်းငုတ်တို့ မရှိကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား အချည်းနှီးသော ကျီ၌ ကြွက်တို့ လှည့်လည်လျက် မမြူးထူးကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား ခုနစ်လပတ်လုံး သုတ်သင်မှုကင်းသော မြက်အခင်းသည် ဥပ္ပါဋက ပိုးတို့ဖြင့် မဖုံးလွှမ်း၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား သားတစ်ယောက်, နှစ်ယောက်စီရှိကုန်သော မုဆိုးမဖြစ်သည့် သမီးခုနှစ်ယောက်တို့ မရှိကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား မျက်စိနီကြောင်၍ မှဲ့မည်းရှိသော မိန်းမသည် အိပ်နေသည်ကို ခြေဖြင့် ကျောက်ကန်၍ မနှိုး၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား မိုးသောက်ထအခါ၌ မြီရှင်တို့သည် 'ပေးကုန်လော့၊ ပေးကုန်လော့' ဟု မတောင်းကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏'' ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာ ဘုရားအား ဤသို့ လျှောက်၏- ''အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိစွတကား၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက် ဖွယ် ရှိစွတကား၊

အသျှင်ဂေါတမ ဥပမာသော်ကား...

မှောက်၍ ထားအပ်သော ဝတ္ထုကို လှန်၍ ပြရာသကဲ့သို့ လည်းကောင်း၊
ဖုံးလွှမ်း၍ထားသော ဝတ္ထုကို ဖွင့်လှစ်၍ ပြရာသကဲ့သို့ လည်းကောင်း၊
ခရီးမှားသော သူအား လမ်းမှန်ကို ပြောကြားရာသကဲ့သို့ လည်းကောင်း၊
'မျက်စိအမြင်ရှိကုန်သော သူတို့သည် ရူပါရုံတို့ကို မြင်ကုန်လတ္တံ့' ဟု အမိုက် မှောင်၌မူလည်း ဆီမီး တန်ဆောင်ကို ဆောင်ပြရာသကဲ့သို့ လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော် ကို ပြတော်မူ၏။

ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို
ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကို လည်းကောင်း၊
သံဃာတော်ကို လည်းကောင်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊

အကျွန်ုပ်သည် အသျှင်ဂေါတမ၏ အထံ၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရလိုပါ၏'' ဟု လျှောက်၏။ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရသည်သာလျှင်တည်း၊ ရဟန်းဖြစ်၍ မကြာမြင့်သေး သော အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကာနေသည် ရှိသော် မကြာမြင့်မီပင်လျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော အမျိုးသားများ လိုလားတောင့်တ အပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသော ကိုယ်၏ အဖြစ်၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် ကောင်းစွာ သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊

ပဋိသန္ဓေနေမှု ကုန်ပြီ၊
မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊
မဂ်ကိစ္စကို ပြုပြီးပြီ၊
ဤ မဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ ဟုသိ၏၊

အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။

၁ဝ - ဗဟုဓီတရသုတ်၊ အရဟန္တဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။ 196





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: