နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, July 26, 2009

အသျှင်ဒဗ္ဗသည် အကျွန်ုပ်ကို ဖျက်ဆီးပါ၏...

သတိဝိနည်း


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ မလ္လမင်း၏ သားဖြစ်သော ဖွားမြင်သည်မှ ခုနစ်နှစ်မျှသာ ရှိသေးသော အသျှင်ဒဗ္ဗသည် အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခဲ့ပြီ၊ ထိုအသျှင်ဒဗ္ဗသည် အရိယာ သာဝကတို့ ရောက်သင့် ရောက်ထိုက်သော အလုံးစုံသော တရားသို့ အစဉ် ရောက်ခဲ့ပြီ၊ ထိုအသျှင်ဒဗ္ဗအား တစ်စုံတစ်ရာသော ရဟန်းကိစ္စ နောက်ထပ် ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီးသော တရားကိုလည်း ထပ်၍ ပွါးများဖွယ် မရှိတော့ပြီ။

ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ (တစ်ပါးတည်း) ကိန်းအောင်းနေစဉ် အသျှင် ဒဗ္ဗအား ''ဖွားမြင်သည်မှ ခုနစ်နှစ်မျှသာ ရှိသေးသော ငါသည် အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခဲ့ပြီ၊ (ငါသည်) တပည့်သာဝကတို့ ရောက်သင့် ရောက်ထိုက်သော အလုံးစုံသော တရားသို့ အစဉ် ရောက်ခဲ့ပြီ၊ ငါ့အား တစ်စုံတစ်ရာသော ရဟန်းကိစ္စ နောက်ထပ် ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီးသော တရားကိုလည်း ထပ်၍ ပွါးများဖွယ် မရှိတော့ပြီ၊ ငါသည် သံဃာတော်၏ အဘယ်မည်သော အမှုကြီး ငယ်ကို ပြုရပါအံ့နည်း'' ဟု စိတ်အကြံ ဖြစ်ပေါ်၏။

ထိုအခါ မလ္လမင်း၏သား အသျှင်ဒဗ္ဗအား ''ငါသည် သံဃာတော်၏ အိပ်ရာ နေရာကိုလည်း ခင်းရမူ ဆွမ်းတို့ကိုလည်း ညွှန်းရမူ ကောင်းလေစွ'' ဟု အကြံ ဖြစ်၏၊ ထိုအခါ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် ညချမ်းအခါ၌ (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာဘုရားအား-

''အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်၍ (တစ်ပါးတည်း) ကိန်းအောင်းနေစဉ် အကျွန်ုပ်အား ဖွားမြင်သည်မှ ခုနှစ်နှစ်မျှသာ ရှိသေးသော ငါသည်ကား အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခဲ့ပြီ၊ ငါသည် တပည့်သာဝကတို့ ရောက်သင့် ရောက်ထိုက်သော အလုံးစုံသော တရားသို့ အစဉ် ရောက်ခဲ့ပြီ၊ ငါ့အား တစ်စုံ တစ်ရာသော ရဟန်းကိစ္စ နောက်ထပ် ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီး (သော တရား) ကိုလည်း ထပ်၍ ပွါးများဖွယ် မရှိတော့ပြီ၊ ငါသည် သံဃာတော်၏ အဘယ်မည်သော အမှုကြီးငယ်ကို ပြုရပါအံ့နည်း'' ဟု စိတ်အကြံ ဖြစ်ပေါ်ပါသည်။

''အသျှင်ဘုရား ထိုအကျွန်ုပ်အား 'ငါသည် သံဃာတော်၏ အိပ်ရာနေရာကိုလည်း ခင်းရမူ ဆွမ်းတို့ကိုလည်း ညွှန်းရမူ ကောင်းလေစွ' ဟု အကြံအစည် ဖြစ်ပါသည်၊ အသျှင်ဘုရား အကျွန်ုပ်သည် သံဃာတော်၏ အိပ်ရာ နေရာကိုလည်း ခင်းခြင်းငှါ ဆွမ်းတို့ကိုလည်း ညွှန်းခြင်းငှါ အလိုရှိ ပါသည်'' ဟု လျှောက်၏။

ဒဗ္ဗ ကောင်းစွ ကောင်းစွ၊
ဒဗ္ဗ သို့ဖြစ်လျှင် သင်သည် သံဃာ၏ အိပ်ရာနေရာကိုလည်း ခင်းလော့၊
ဆွမ်းတို့ကိုလည်း ညွှန်းလော့ဟု ခွင့်ပြုတော်မူ၏။

''ကောင်းပါပြီ အသျှင်ဘုရား'' ဟု
မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် ရဟန်း သံဃာတို့ကို စည်းဝေးစေပြီးလျှင် တရား စကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို-

ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် မလ္လမင်း၏သားဒဗ္ဗကို အိပ်ရာ နေရာခင်းသူ ဟု လည်းကောင်း၊ ဆွမ်းညွှန်းသူ ဟု လည်းကောင်း သမုတ်လော့။ ရဟန်းတို့ ဤသို့လျှင် သမုတ် ရမည်၊ ရှေးဦးစွာ မလ္လမင်း၏သား ဒဗ္ဗကို တောင်းပန်ရမည်၊ တောင်းပန်ပြီးနောက် ကျွမ်းကျင် လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်- 189

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အိပ်ရာနေရာခင်းသူဟု လည်း ကောင်း၊ ဆွမ်းညွှန်းသူဟု လည်းကောင်း သမုတ်ရာ၏၊ ဤကား သိစေခြင်း တည်း။ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊

သံဃာသည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အိပ်ရာနေရာခင်းသူဟု လည်း ကောင်း၊ ဆွမ်းညွှန်းသူဟု လည်းကောင်း သမုတ်၏၊ မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အိပ်ရာနေရာခင်းသူဟု လည်းကောင်း၊ ဆွမ်းညွှန်းသူဟု လည်းကောင်း သမုတ် ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊

ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊

အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

သံဃာသည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အိပ်ရာနေရာခင်းသူဟု လည်း ကောင်း၊ ဆွမ်းညွှန်းသူဟု လည်းကောင်း သမုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထိုကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ် ရပါသည်ဟု (သိစေရမည်ဟု မိန့်တော်မူ၏)။ 190

၁၉၁။
သမ္မုတိရပြီးသော မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သဘောတူ ရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာနေရာကို ခင်းပေး၏၊ အကြင်ရဟန်းတို့သည် သုတ္တန်ကို ဆောင်ကုန်၏၊

''ထိုရဟန်းတို့သည် အချင်းချင်း သုတ္တန်ကို အညီအညွတ် ရွတ်ကြလိမ့်မည်'' ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာ နေရာကို ခင်းပေး၏။

အကြင် ရဟန်းတို့သည် ဝိနည်းကို ဆောင်ကုန်၏၊ ''ထိုရဟန်းတို့သည် အချင်းချင်း ဝိနည်းကို ဆုံးဖြတ်ကြလိမ့်မည်'' ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာ နေရာကို ခင်းပေး၏။

အကြင် ရဟန်းတို့သည် တရားဟော ဓမ္မကထိက (ဖြစ်ကြကုန်၏)၊ ''ထိုရဟန်းတို့ သည် အချင်းချင်း တရားကို ဆွေးနွေးကြလိမ့်မည်'' ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာ နေရာကို ခင်းပေး၏။

အကြင် ရဟန်းတို့သည် ဈာန် ဝင်စားလေ့ ရှိကုန်၏၊ ''ထိုရဟန်းတို့သည် အချင်း ချင်း နှောင့်ယှက်ခြင်းမှ ကင်းကုန် လတ္တံ့'' ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာေ နရာကို ခင်းပေး၏။

အကြင် ရဟန်းတို့သည် (မဂ်ဖိုလ်မှ) ဖီလာဖြစ်သော စကားကို ပြောလေ့ ရှိကုန်၏၊ ကိုယ် (ခန္ဓာ) ၏ ခိုင်မြဲမှု အလေ့အကျင့် များကုန်သည် ဖြစ်၍ နေကုန်၏၊ ''ဤအသျှင်တို့သည် ဤမွေ့လျော်ခြင်းဖြင့်လည်း အသျှင်တို့သည် နေကုန် လတ္တံ့'' ဟု ထိုရဟန်းတို့အားလည်း တစ်ပေါင်းတည်း အိပ်ရာ နေရာကို ခင်းပေး၏။

အကြင် ရဟန်းတို့သည် အခါမဲ့ လာကြကုန်၏၊ ထိုရဟန်းတို့အားလည်း တေဇော ကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ဝင်စား၍ ထိုအရောင် (အလင်း) ဖြင့်ပင် အိပ်ရာ နေရာကို ခင်းပေး၏။

စင်စစ်အားဖြင့် ရဟန်းတို့သည် ''မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏ တန်ခိုးပြာဋိဟာကို ငါတို့ ကြည့်ကုန်အံ့'' ဟု တမင်သက်သက် အခါမဲ့၌လည်း လာကုန်၏၊ ထို (ရဟန်း)တို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗသို့ ချဉ်းကပ်၍ ''ငါ့သျှင်ဒဗ္ဗ ငါတို့အား အိပ်ရာ နေရာကို ခင်းပေးလော့'' ဟု ဆိုကုန်၏။

ထိုရဟန်းတို့ကို မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် ''အသျှင်တို့သည် အဘယ် အရပ်၌ အလိုရှိကုန်သနည်း အဘယ်အရပ်၌ ခင်းပေးရမည်နည်း'' ဟု ဆို၏၊ ထိုရဟန်းတို့သည် တမင်သက်သက် အဝေး၌ ညွှန်းကုန်၏၊ ''ငါ့သျှင်ဒဗ္ဗ ငါတို့အား ဂိဇ္ဈကုဋ်တောင်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ခိုးသူ ပစ်ချရာ 'စောရပပါတ' ချောက်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ဣသိဂိလိ တောင်နံပါး ကျောက်နက် (ဂူ)၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ဝေဘာရတောင်နံပါး စရည်းပင် (ဂူ)၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ယင်းတိုက်တော သပ္ပသောဏ္ဍိက ချိုင့်ဝှမ်း၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ဂေါတမချောက်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား တည်ပင်ရောက်သော ချောက်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ကပေါတ ချောက်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား တပေါဒါ အရံ၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ဇီဝက၏ သရက်ဥယျာဉ်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား မဒ္ဒကုစ္ဆိတော၌ အိပ်ရာ နေရာကို ခင်းပေးလော့'' ဟု (အဝေး၌ ညွှန်းကုန်၏)။

ထိုရဟန်းတို့အား အသျှင်ဒဗ္ဗသည် တေဇောကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ဝင်စား၍ တောက်ပသော လက်ညှိုးဖြင့် ရှေးမှ ရှေးမှ သွား၏။ ထိုရဟန်းတို့ သည်လည်း ထိုအရောင်အလင်းဖြင့်သာလျှင် မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏ နောက်မှ နောက်မှ လိုက်ကုန်၏။ ထိုရဟန်းတို့အား မလ္လမင်း၏သား အသျှင်ဒဗ္ဗ သည် ''ဤကား ညောင်စောင်း 'ခုတင်' တည်း၊ ဤကား အင်းပျဉ် 'ခုံရှည်' တည်း၊ ဤကား ဘုံလျှို 'ဖုံ' တည်း၊ ဤကား ခေါင်းအုံးတည်း၊ ဤကား ကျင်ကြီး (စွန့်ရာ) ဌာနတည်း၊ ဤကား ကျင်ငယ် (စွန့်ရာ) ဌာနတည်း၊ ဤကား သောက်ရေတည်း၊ ဤကား သုံးဆောင်ရေတည်း၊ ဤကား တောင်ဝှေးတည်း၊ ဤကား ဤအချိန်၌ ဝင်ရမည်၊ ဤအချိန်၌ ထွက်ရမည် စသည်ဖြင့် ထားအပ်သော သံဃာ၏ ကတိကဝတ်တည်း'' ဟု ပြောဆို၍ အိပ်ရာ နေရာကို ခင်းပေး၏။

မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် ထို (ရဟန်း) တို့အား အိပ်ရာ နေရာကို ခင်းပေးပြီးသော် ဝေဠုဝန် ကျောင်းတော်သို့ သာလျှင် တစ်ဖန် ပြန်ကြွ၏။ 191

ထိုအခါ မေတ္တိယဘူမဇကရဟန်းတို့သည် အငယ်လည်း ဖြစ်ကုန်၏၊ ဘုန်းကံ လည်း နည်းပါးကုန်၏၊ သံဃာ၏ ယုတ်ညံ့သော အိပ်ရာ နေရာတို့သည် လည်းကောင်း၊ ယုတ်ညံ့သော ဆွမ်းတို့သည် လည်းကောင်း ထိုရဟန်းတို့အား ရောက်ကုန်၏။

ထိုအခါ ရာဇဂြိုဟ်ပြည်၌ လူတို့သည် မထေရ်ဖြစ်သော ရဟန်းတို့အား အထူး ပြုပြင် (စီရင်)အပ်သော ဆွမ်းကို လည်းကောင်း၊ ထောပတ်ကို လည်းကောင်း၊ ဆီကို လည်းကောင်း၊ လက်သုပ်ဟင်းလျာကို လည်းကောင်း (လှူခြင်းငှါ အလို ရှိကုန်၏)။ မေတ္တိယ ဘူမဇကရဟန်းတို့အား ပကတိ အတိုင်းဖြစ်သော ချက်ထား တိုင်းသော ပအုံးရည် 'ပုံးရည်' လျှင် နှစ်ခုမြောက် ဖြစ်သော ဆန်ကွဲထမင်းကို လှူကုန်၏။

ထို(မေတ္တိယဘူမဇက) ရဟန်းတို့သည် ဆွမ်းစားပြီးနောက် ဆွမ်းစား ဇရပ်မှ ဖဲသွားကုန်ပြီးလတ်သော် မထေရ်ဖြစ်ကုန်သော ရဟန်းတို့ကို ''ငါ့သျှင်တို့ သင်တို့အား ဆွမ်းစား ဇရပ်၌ အဘယ်အရာသည် ဖြစ်သနည်း၊ ငါ့သျှင်တို့ သင်တို့အား ဆွမ်းစား ဇရပ်၌ အဘယ်အရာသည် ဖြစ်သနည်း'' ဟု မေးကုန်၏။ အချို့ မထေရ်တို့သည် ''ငါ့သျှင်တို့ ငါတို့အား ထောပတ်သည် ဖြစ်၏၊ ဆီသည် ဖြစ်၏၊ လက်သုပ် ဟင်းလျာသည် ဖြစ်၏'' ဟု ပြောကုန်၏။ မေတ္တိယ ဘူမဇက ရဟန်းတို့သည်ကား ''ငါ့သျှင်တို့ ငါတို့အား တစ်စုံတစ်ခု (အထူး) မဖြစ်ပြီ၊ ပကတိ အတိုင်းဖြစ်သော ချက်ထားတိုင်းသော ပအုံးရည်လျှင် နှစ်ခုမြောက် ရှိသော ဆန်ကွဲ ထမင်းသည် ဖြစ်၏'' ဟု ပြောကုန်၏။

ထိုအခါ ကလျာဏဘတ္တိက ဒါယကာသည် သံဃာအား စတုက္ကဘတ်ကို နိစ္စဘတ် လှူ၏၊ ထို ဒါယကာသည် ဆွမ်းစား ဇရပ်၌ သားမယားနှင့်တကွ အနီး၌ ရပ်တည်၍ လုပ်ကျွေး၏၊ အချို့ ရဟန်းတို့ကို ဆွမ်းဖြင့် မေးကုန်၏၊ အချို့ ရဟန်းတို့ကို ဟင်းလျာဖြင့် မေးကုန်၏၊ အချို့ ရဟန်းတို့ကို ဆီဖြင့် မေးကုန်၏၊ အချို့ ရဟန်း တို့ကို လက်သုပ်ဟင်းလျာဖြင့် မေးကုန်၏။

ထိုအခါ ကလျာဏဘတ္တိက ဒါယကာ၏ ဆွမ်းကို နက်ဖြန် (သုံးဆောင်ရန်) အလို့ငှါ မေတ္တိယဘူမ ဇကရဟန်းတို့အား ညွှန်းအပ်၏၊ ထိုအခါ ကလျာဏဘတ္တိက သူကြွယ်သည် တစ်စုံ တစ်ခုပြုဖွယ်ဖြင့် အရံသို့ သွား၏၊ ထိုဒါယကာသည် မလ္လမင်း၏သား အသျှင်ဒဗ္ဗထံသို့ ချဉ်းကပ်၍ မလ္လမင်း၏သား အသျှင်ဒဗ္ဗကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော ကလျာဏဘတ္တိက ဒါယကာကို မလ္လမင်း၏သား အသျှင်ဒဗ္ဗက တရားစကားဖြင့် (အကျိုးစီပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်)ထက်သန်စေ၍ ရွှင်လန်းစေပြီး ဖြစ်ရကား (ကလျာဏဘတ္တိက သူကြွယ်သည်) မလ္လမင်း၏သား အသျှင်ဒဗ္ဗအား-

''အသျှင်ဘုရား အကျွန်ုပ်တို့၏ အိမ်၌ နက်ဖြန် (သုံးဆောင်ရန်) အလို့ငှါ အဘယ် (ရဟန်း)အား ဆွမ်းကို ညွှန်းအပ်ပါ သနည်း'' ဟု လျှောက်၏။

''ဒါယကာ သင်တို့၏ အိမ်၌ နက်ဖြန် (သုံးဆောင်ရန်) အလို့ငှါ မေတ္တိယ ဘူမဇက ရဟန်းတို့အား ဆွမ်းကို ညွှန်းအပ်ပြီ'' ဟု (ပြော၏)။

ထိုအခါ ကလျာဏဘတ္တိကသူကြွယ်သည် နှလုံးမသာ ဖြစ်လေ၏၊ ''အဘယ့် ကြောင့် ရဟန်းယုတ် တို့သည် ငါတို့၏ အိမ်၌ သုံးဆောင်ကုန် လတ္တံ့နည်း'' ဟု အိမ်သို့ သွား၍ ''ဟယ် ကျွန်မ နက်ဖြန် ဆွမ်းစားလာသော ရဟန်းတို့ကို တံခါးမုခ်၌ နေရာကို ခင်း၍ ပအုံးရည်လျှင် နှစ်ခုမြောက်သော ဆန်ကွဲ ထမင်းဖြင့် လုပ်ကျွေး လော့'' ဟု စေခိုင်း၏၊ ''ကောင်းပါပြီ အရှင်'' ဟု ထိုကျွန်မသည် ကလျာဏဘတ္တိက
သူကြွယ်အား ပြန်ကြားပြောဆို၏။

ထိုအခါ မေတ္တိယဘူမဇကရဟန်းတို့သည် ''ငါ့သျှင်တို့ ယမန်နေ့က ငါတို့အား ကလျာဏဘတ္တိက ဒါယကာ၏ ဆွမ်းကို ညွှန်းအပ်ပြီ၊ နက်ဖြန် ငါတို့ကို ကလျာဏ ဘတ္တိက ဒါယကာသည် သားမယားနှင့်တကွ အနီး၌ ကပ်၍ လုပ်ကျွေး လတ္တံ့၊ အချို့ ရဟန်းတို့ကို ဆွမ်းဖြင့် မေးကုန် လတ္တံ့၊ အချို့ ရဟန်းတို့ကို ဟင်းလျာဖြင့် မေးကုန် လတ္တံ့၊ အချို့ ရဟန်းတို့ကို ဆီဖြင့် မေးကုန် လတ္တံ့၊ အချို့ ရဟန်းတို့ကို လက်သုပ် ဟင်းလျာဖြင့် မေးကုန် လတ္တံ့'' ဟု ထိုမေတ္တိယဘူမဇကရဟန်းတို့သည်
ထိုဝမ်းမြောက်ခြင်းဖြင့် သာလျှင် ညဥ့်၌ စိတ် အလိုရှိတိုင်း မအိပ် (နိုင်ကြ) ကုန်။ ထိုနောက် မေတ္တိယ ဘူမဇကရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်ကာ ကလျာဏဘတ္တိက ဒါယကာ၏ အိမ်သို့ ချဉ်းကပ်ကုန်၏။

ထိုကျွန်မသည် အဝေးမှလာသော မေတ္တိယဘူမဇကရဟန်းတို့ကို မြင်၏၊ မြင်ပြီး နောက် တံခါးမုခ်၌ နေရာကို ခင်းပေး၍ မေတ္တိယဘူမဇကရဟန်းတို့ကို ''အသျှင် ဘုရားတို့ ထိုင်ကုန်လော့''ဟု လျှောက်၏။

ထိုအခါ မေတ္တိယဘူမဇကရဟန်းတို့အား ''မုချ ဧကန် ဆွမ်းသည် မပြီးသေးသည် ဖြစ်၍ ငါတို့သည် တံခါးမုခ်၌ နေထိုင်ရကုန်၏'' ဟု အောက်မေ့ခြင်း ဖြစ်၏။

ထိုအခါ ထိုကျွန်မသည် ပအုံးရည်လျှင် နှစ်ခုမြောက်သော ဆန်ကွဲ ထမင်းဖြင့် ''အသျှင်ဘုရားတို့ ဘုဉ်းပေး (သုံးဆောင်) ကုန်လော့'' ဟု (ကပ်လေ၏)။ ''နှမ ငါတို့ကား နိစ္စဘတ် ရှိသူများတည်း''ဟု (ပြော၏)။ အသျှင်ဘုရားတို့ နိစ္စဘတ် ရှိသူများ ဖြစ်ကြသည်ဟု သိပါသည်၊ သို့ရာတွင် ယမန်နေ့ကပင် ''ဟယ်ကျွန်မ နက်ဖြန် ဆွမ်းစားလာသော ရဟန်းတို့ကို တံခါးမုခ်၌ နေရာကို ခင်း၍ ပအုံးရည် လျှင် နှစ်ခုမြောက်သော ဆန်ကွဲ ထမင်းဖြင့် လုပ်ကျွေးလော့'' ဟု အကျွန်ုပ်ကို စေခိုင်း အပ်ပါသည်။ အသျှင်ဘုရားတို့ ဘုဉ်းပေး (သုံးဆောင်) ကုန်လော့'' ဟု (လျှောက်၏)။

ထိုအခါ မေတ္တိယဘူမဇကရဟန်းတို့သည် ''ငါ့သျှင်တို့ ယမန်နေ့က ကလျာဏ ဘတ္တိက ဒါယကာသည် အရံတွင်းရှိ မလ္လမင်း၏သား ဒဗ္ဗထံသို့ လာ၏၊ ငါတို့ကို မလ္လမင်း၏သား ဒဗ္ဗသည် ဒါယကာ၏ အထံ၌ မုချ ဧကန် ဖျက်ဆီး အပ်ကုန်ပြီ'' ဟု ထိုမေတ္တိယဘူမဇကရဟန်းတို့သည် ထိုနှလုံး မသာခြင်းဖြင့် သာလျှင် စိတ် အလိုရှိတိုင်း 'စိတ်တိုင်းကျ' မသုံးဆောင်ကြကုန်။ ထိုအခါ မေတ္တိယ ဘူမဇက ရဟန်းတို့သည် ဆွမ်းစားပြီးနောက် ဆွမ်းစား ဇရပ်မှ ဖဲကုန်လတ်သော် အရံသို့ သွား၍ သပိတ် သင်္ကန်းကို သိုမှီးသိမ်း ဆည်းပြီးလျှင် အရံအပ တံခါးမုခ်၌ ဒုကုဋ် အာယောဂပတ် ဖွဲ့လျက် ဆိတ်ဆိတ် နေကုန်၍ မျက်နှာ မလှကုန်သည် ဖြစ်၍ ချသော ပခုံး ရှိကုန်သည် ဖြစ်၍ အောက်သို့ မျက်နှာ ချကုန်သည် ဖြစ်၍ ကြံမှိုင် ကုန်သည် ဖြစ်၍ စကား မဆိုကုန်သည် ဖြစ်၍ နေထိုင်ကုန်၏။

ထိုအခါ မေတ္တိယာဘိက္ခုနီမသည် မေတ္တိယဘူမဇကရဟန်းတို့ထံသို့ ချဉ်းကပ်ပြီး နောက် မေတ္တိယ ဘူမဇကရဟန်းတို့ကို ''အသျှင်တို့ ရှိခိုးပါ၏'' ဟု ဆို၏။ ဤသို့ ဆိုလတ်သော် မေတ္တိယဘူမဇက ရဟန်းတို့သည် စကား မပြောကြကုန်။
နှစ်ကြိမ်မြောက်လည်း။ပ။
သုံးကြိမ်မြောက်လည်း မေတ္တိယာဘိက္ခုနီမသည် မေတ္တိယ ဘူမဇကရဟန်း တို့ကို ''အသျှင်တို့ ရှိခိုးပါ၏'' ဟု ဆို၏။ သုံးကြိမ်မြောက်လည်း မေတ္တိယဘူမဇကရဟန်း တို့သည် စကား မပြောကြကုန်။

အကျွန်ုပ်သည် အသျှင်တို့အား အဘယ်သို့ ပြစ်မှားမိပါသနည်း၊
အဘယ့်ကြောင့် အကျွန်ုပ်ကို အသျှင်တို့သည် စကားမပြောကုန်သနည်းဟုမေး၏။

နှမ ငါတို့ ဖြစ်တိုင်းဆိုအံ့၊ သင်သည် ငါတို့ကို မလ္လမင်း၏သား ဒဗ္ဗသည် ညှဉ်းဆဲ အပ်သည်ဖြစ်လျက် သင်သည် လျစ်လျူရှုဘိ၏ဟု (ဆိုကြကုန်၏)။
အသျှင်တို့ အကျွန်ုပ်သည် အဘယ်ကို ပြုရပါမည်နည်းဟု (မေး၏)။
နှမ သင်သည် အကယ်၍ အလိုရှိပါမူ ယနေ့ပင် မြတ်စွာဘုရားသည် မလ္လမင်း၏ သား ဒဗ္ဗကို ဖျက်ဆီးရာ၏ဟု (ဆိုကြကုန်၏)။

အသျှင်တို့ အကျွန်ုပ်သည် အဘယ်ကို ပြုရပါမည်နည်း၊ အကျွန်ုပ်သည် အဘယ်ကို ပြုခြင်းငှါ တတ်နိုင်ပါသနည်းဟု (မေး၏)။

နှမ လာလော့၊ သင်သည် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာ ဘုရားကို ''အသျှင်ဘုရား ဤအမှုသည် မလျောက်ပတ်ပါ၊ မသင့်တင့်ပါ၊ အသျှင်ဘုရား အကြင် အရပ်မျက်နှာသည် ဘေး မရှိခဲ့ပါ၊ ရန် မရှိခဲ့ပါ၊ နှိပ်စက်မှု မရှိခဲ့ပါ၊ ထိုအရပ် မျက်နှာသည် (ယခု) ဘေး ရှိပါသည်၊ ရန်ရှိပါသည်၊ နှိပ်စက်မှု ရှိပါသည်၊ အကြင်အရပ်မှ လေ (တိုက်ခတ်ခြင်း) မရှိခဲ့ပါ၊ ယခု ထိုအရပ်မှ လေ (တိုက်ခတ်ခြင်း) ရှိခဲ့ပါသည်၊ ရေသည် အလျှံပြောင်ပြောင် တောက်လောင်၍ နေယောင်တကား၊ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် အကျွန်ုပ်ကို ဖျက်ဆီး အပ်ပါ၏'' ဟု လျှောက်လော့ဟု (ဆိုကြကုန်၏)။

''အသျှင်ဘုရားတို့ ကောင်းပါပြီ'' ဟု မေတ္တိယာ ဘိက္ခုနီမသည် မေတ္တိယ ဘူမဇက ရဟန်းတို့အား စကားကို ဝန်ခံခဲ့၍ မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်၏၊ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော မေတ္တိယာ ဘိက္ခုနီမသည် မြတ်စွာဘုရားကို-


''အသျှင်ဘုရား ဤအမှုသည် မလျောက်ပတ်ပါ၊ မသင့်တင့်ပါ၊ အသျှင်ဘုရား အကြင် အရပ်မျက်နှာသည် ဘေး မရှိခဲ့ပါ၊ ရန် မရှိခဲ့ပါ၊ နှိပ်စက်မှု မရှိခဲ့ပါ၊ ထိုအရပ် မျက်နှာသည် (ယခု) ဘေး ရှိပါသည်၊ ရန်ရှိပါသည်၊ နှိပ်စက်မှု ရှိပါသည်၊ အကြင်အရပ်မှ လေ (တိုက်ခတ်ခြင်း) မရှိခဲ့ပါ၊ (ယခု) ထိုအရပ်မှ လေ (တိုက်ခတ်ခြင်း) ရှိခဲ့ပါသည်၊ ရေသည် အလျှံ ပြောင်ပြောင် တောက်လောင်၍ နေယောင် တကား၊ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် အကျွန်ုပ်ကို ဖျက်ဆီးပါ၏'' ဟု လျှောက်၏။ 192

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို''ဒဗ္ဗ သင်သည် ဤဘိက္ခုနီမ ပြောသကဲ့သို့ ဤသို့ သဘောရှိသော ဖျက်ဆီးမှုကို ပြုမိသည်ဟု အမှတ်ရ၏ လော''ဟု စိစစ် မေးမြန်းတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား သိတော်မူသည့် အတိုင်းပင် ဖြစ်ပါသည် ဘုရားဟု (လျှောက်၏)။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မလ္လမင်း၏သား အသျှင်ဒဗ္ဗကို ''ဒဗ္ဗ သင်သည် ဤဘိက္ခုနီမ ပြောသကဲ့သို့ ဤသို့ သဘောရှိသော ဖျက်ဆီးမှုကို ပြုမိသည်ဟူ၍ အမှတ် ရ၏လော'' ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား သိတော်မူသည့် အတိုင်းပင် ဖြစ်ပါသည် ဘုရားဟု (လျှောက်၏)။

''ဒဗ္ဗ ပညာရှိတို့သည် ဤသို့ မဖြေရှင်းကြကုန်၊ အကယ်၍ သင်သည် ပြုအပ်သည် ဖြစ်အံ့၊ ပြုအပ်ပါ၏ဟု လျှောက်ဆိုလော့၊ အကယ်၍ သင်သည် မပြုအပ်သည် ဖြစ်အံ့၊ မပြုအပ်ပါဟု လျှောက်ဆိုလော့'' ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် မွေးသည့် အခါမှစ၍ အိပ်မက်မျှဖြင့်လည်း မေထုန် အကျင့်ကို ပြုကျင့် မှီဝဲမိသည်ဟု မသိပါ၊ နိုးသော တပည့်တော်သည် အဘယ် ဆိုဖွယ်ရာ ရှိပါတော့ အံ့နည်းဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို 'ရဟန်းတို့ သို့ဖြစ်လျှင် မေတ္တိယာ ဘိက္ခုနီမအား (အသွင်ကို) ဖျက်ဆီး ကြကုန်လော့၊ ဤ(ခိုင်းသော) ရဟန်းတို့ကို လည်း မေးမြန်း စိစစ် ကုန်လော့' ဟု မိန့်တော် မူ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးလျှင် နေရာမှ ထ၍ ကျောင်းသို့ ဝင်တော်မူ၏။

ထိုအခါ ထိုရဟန်းတို့သည် မေတ္တိယာဘိက္ခုနီမအားအသွင်ကို ဖျက်ဆီးကြကုန်၏။
ထိုအခါ မေတ္တိယဘူမဇကရဟန်းတို့သည် ထိုရဟန်းတို့အား-

''ငါ့သျှင်တို့ မေတ္တိယာဘိက္ခုနီမကို မဖျက်ဆီးကြပါ ကုန်လင့်၊ ထိုဘိက္ခုနီမသည် တစ်စုံတစ်ခု ပြစ်မှားသည် မဟုတ်ပါ၊ အမျက်ထွက်ကုန်သော နှလုံး မသာကုန် သော (သာသနာတော်မှ) ရွေ့လျောစေလိုကုန်သော ငါတို့သည်သာ ထိုဘိက္ခုနီမ ကို တိုက်တွန်း ကြကုန်၏''ဟု ပြောဆိုကြကုန်၏။

ငါ့သျှင်တို့ သင်တို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အခြေအမြစ် မရှိသော ပါရာဇိက အာပတ်ဖြင့် စွပ်စွဲ ဖျက်ဆီးကြကုန် သလော ဟု (မေးကြကုန်၏)။
ငါ့သျှင်တို့ မှန်ပေသည်ဟု (ပြန်ပြောကြကုန်၏)။

အလိုနည်းသော ရဟန်းတို့သည် ''မေတ္တိယဘူမဇကရဟန်းတို့သည် မလ္လမင်း၏ သား အသျှင်ဒဗ္ဗကို အခြေအမြစ် မရှိသော ပါရာဇိက အာပတ်ဖြင့် အဘယ့်ကြောင့် စွပ်စွဲ ဖျက်ဆီးကြကုန်ဘိ သနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။

''ရဟန်းတို့ မေတ္တိယဘူမဇကရဟန်းတို့သည် မလ္လမင်း၏သား ဒဗ္ဗကို အခြေအမြစ် မရှိသော ပါရာဇိကအာပတ်ဖြင့် စွပ်စွဲ ဖျက်ဆီးကြကုန်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရား ဟု (လျှောက်ကြကုန်၏)။ပ။ ကဲ့ရဲ့တော်မူ၍။ပ။

တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကိုရဟန်းတို့ သို့ဖြစ်လျှင် သံဃာ သည် သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား ဒဗ္ဗအား သတိဝိနည်း ကို ပေးလော့။ ရဟန်းတို့ ဤသို့ ပေးရမည်။

ရဟန်းတို့ မလ္လမင်း၏သား ထိုဒဗ္ဗသည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စမ္ပယ်တင်၍ မထေရ်ကြီးရဟန်းတို့၏ ခြေတို့ကို ရှိခိုး၍ ဆောင့်ကြောင့် ထိုင်လျက် လက်အုပ် ချီပြီးလျှင်-

''အသျှင်ဘုရားတို့ အကျွန်ုပ်ကို ဤမေတ္တိယ ဘူမဇကရဟန်းတို့သည် အခြေအမြစ် မရှိသော သီလ ပျက်စီးခြင်းဖြင့် စွပ်စွဲ ဖျက်ဆီးကုန်၏၊ အသျှင်ဘုရားတို့ သတိ ပြန့်ပြောခြင်းသို့ ရောက်သော ထိုအကျွန်ုပ်သည် သံဃာအား သတိ ဝိနည်းကို တောင်းပါ၏'' ဟု ဆိုရမည်။ နှစ်ကြိမ်မြောက်လည်း တောင်းရမည်၊
သုံးကြိမ်မြောက်လည်း တောင်းရမည်။

''အသျှင်ဘုရားတို့ အကျွန်ုပ်ကို ဤမေတ္တိယဘူမဇကရဟန်းတို့သည် အခြေအမြစ် မရှိသော သီလပျက်စီးခြင်းဖြင့် စွပ်စွဲ ဖျက်ဆီးကုန်၏၊ အသျှင်ဘုရားတို့ သတိ ပြန့်ပြောခြင်းသို့ ရောက်သော ထိုအကျွန်ုပ်သည် သံဃာအား သတိ ဝိနည်းကို တောင်းပါ၏'' ဟု ဆိုရမည်။ ကျွမ်းကျင် လိမ္မာ၍ စွမ်းရည် ရှိသော ရဟန်းသည် သံဃာကို သိစေရမည်- 193

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမေတ္တိယ ဘူမဇကရဟန်းတို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အခြေအမြစ် မရှိသော သီလ ပျက်စီးခြင်းဖြင့် စွပ်စွဲ ဖျက်ဆီးကုန်၏၊ သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သံဃာအား သတိ ဝိနည်းကို တောင်း၏၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းကို ပေးရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမေတ္တိယဘူမဇက ရဟန်းတို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အခြေအမြစ် မရှိသော သီလ ပျက်စီးခြင်းဖြင့် စွပ်စွဲ ဖျက်ဆီးကုန်၏၊ သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သံဃာအား သတိ ဝိနည်းကို တောင်း၏၊ သံဃာသည် သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းကို ပေး၏၊ သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏ သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းပေးခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။ နှစ်ကြိမ်မြောက်လည်း ဤ အကြောင်းကို ပြောကြားပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောကြားပါ၏။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမေတ္တိယ ဘူမဇကရဟန်းတို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အခြေအမြစ် မရှိသော သီလ ပျက်စီးခြင်းဖြင့် စွပ်စွဲ ဖျက်ဆီးကုန်၏၊ သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သံဃာအား သတိ ဝိနည်းကို တောင်း၏၊ သံဃာသည် သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းကို ပေး၏၊ သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းပေးခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

သံဃာသည် သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းကို ပေးအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်ဟု (သိစေရမည်ဟု မိန့်တော်မူ၏)။ 19

ရဟန်းတို့ တရားနှင့် လျော်သော သတိဝိနည်းပေးခြင်းတို့သည် ဤငါးပါးတို့တည်း။
ရဟန်းသည် စင်ကြယ်၏၊ အာပတ်မသင့်။
ထိုရဟန်းကို စွပ်လည်း စွပ်စွဲကုန်၏။
တောင်းလည်း တောင်း၏။
ထိုရဟန်းအား သံဃာသည် သတိ ဝိနည်းကို ပေး၏။
ဟုတ်မှန်သော သဘောဖြင့် ညီညွတ်သဖြင့် သတိ ဝိနည်းကို ပေး၏။
ရဟန်းတို့ တရားနှင့် လျော်သော သတိ ဝိနည်း ပေးခြင်းတို့သည် ဤငါးပါးတို့ တည်းဟု မိန့်တော်မူ၏။ 195

၂ - သတိဝိနည်း၊ သမထက္ခန္ဓက၊ စူဠဝဂ်ပါဠိတော်။ ဝိနည်း။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: