နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, September 17, 2008

အာရညိကသုတ်- (တောကျောင်း၌နေသော)

အာရညိကသုတ်- (တောကျောင်း၌နေသော)

ရဟန်းတို့ တောနေရဟန်းတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -
၁။ ပညာနုံ့သည်၏ အဖြစ် တွေဝေသည်၏ အဖြစ်ကြောင့် တော၌ နေ၏။
၂။ ယုတ်ညံ့သော အလိုရှိ၍ အလိုဆိုး နှိပ်စက်အပ်သည်ဖြစ်၍ တော၌ နေ၏။
၃။ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းကြောင့် တော၌ နေ၏။
၎။ မြတ်စွာဘုရားနှင့် တပည့်တို့သည် ချီးမွမ်း၏ဟု နှလုံးသွင်း၍ တော၌ နေ၏။
၅။ အလိုနည်းမှု ရောင့်ရဲမှု ခေါင်းပါးမှု ဆိတ်ငြိမ်မှု ဤအကျင့်ဖြင့် အကျိုးရှိမှုကို သာလျှင် မှီ၍ တော၌ နေ၏။

ရဟန်းတို့ တောနေရဟန်းတို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ဤတောနေ ရဟန်း ငါးမျိုးတို့တွင် အလိုနည်းမှု ရောင့်ရဲမှု ခေါင်းပါးမှု ဆိတ်ငြိမ်မှု ဤအကျင့်ဖြင့် အကျိုးရှိမှုကိုသာလျှင် မှီ၍ တော၌ နေသော ရဟန်း သည် လွန်ကဲ၏၊ မြတ်၏၊ အကြီးအမှူးလည်း ဖြစ်၏၊ မြင့်မြတ်၏၊ လွန်မြတ်၏။

ရဟန်းတို့ နွားမမှ နို့ရည်၊ နို့ရည်မှ နို့ဓမ်း၊ နို့ဓမ်းမှ ဆီဦး၊ ဆီဦးမှ ထောပတ်၊ ထောပတ်မှ ထောပတ်ကြည် ဖြစ်၏။ ထိုသို့ ဖြစ်ရာ၌ (ထောပတ်ကြည်ကို) မြတ်၏ ဟု ဆိုအပ် သကဲ့သို့ ရဟန်းတို့ ထို့အတူသာလျှင် ဤတောနေ ရဟန်း ငါးမျိုးတို့ တွင် အလိုနည်းမှု ရောင့်ရဲမှု ခေါင်းပါးမှု ဆိတ်ငြိမ်မှု အကျင့်ဖြင့် အကျိုးရှိမှုကို မှီ၍ တော၌ နေသော ရဟန်းသည် လွန်ကဲ၏၊ မြတ်၏၊ အကြီးအမှူးလည်း ဖြစ်၏၊ မြင့်မြတ်၏၊ လွန်မြတ်၏ ဟု (မိန့်တော်မူ၏)။

၁ - အာရညိကသုတ်၊ အရည၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။