နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, September 4, 2008

သံဝိဓာနသိက္ခာပုဒ်- (မိန်းမတို့နှင့် ခရီးသွားမှု)

သံဝိဓာနသိက္ခာပုဒ်- (ဘိက္ခုနီ((မိန်းမ))တို့နှင့် ခရီးသွားမှု)

၄၁၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတစ်ပါးသည် ကောသလတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိပြည်သို့ သွားသည်ရှိ သော် မထင်ရှားသော ရွာတံခါးကို လွန်သွားလေ၏။

မိန်းမတစ်ယောက်သည်လည်း လင်နှင့် ခိုက်ရန်ဖြစ်၍ ရွာမှ ထွက်လာရာ ထို ရဟန်းကို မြင်၍ အသျှင်ဘုရား အသျှင်သည် အဘယ်အရပ်သို့ သွားမည်နည်းဟု လျှောက်၏။

နှမ ငါသည် သာဝတ္ထိပြည်သို့ သွားအံ့ဟု ဆိုသည် ရှိသော် ...
အကျွန်ုပ်သည် အသျှင်ဘုရားနှင့်အတူ လိုက်လိုပါ၏ ဟု လျှောက်၏။
နှမ လိုက်ခဲ့ သွားမည် ဟု ပြောဆို၍ သွားလေ၏။

ထိုအခါ ထိုမိန်းမ၏လင်သည် ရွာမှထွက်၍ လူတို့ကို
အမောင်တို့ ငါ၏ မိန်းမကို မြင်ကြပါသလော ဟု မေး၏။
အမောင် ဤမိန်းမသည် ရဟန်းတပါးနှင့်အတူ သွား၏ဟု ဆိုကုန်၏။

ထိုယောက်ျားသည် အစဉ်လိုက်၍ ထိုရဟန်းကို ဖမ်းပြီးလျှင် ထောင်းထု၍ လွှတ်လိုက်၏။

ထိုအခါ ထိုရဟန်းသည် တစ်ခုသော သစ်ပင်ရင်း၌ ကြံမှိုင်လျက် ထိုင်နေ၏။

ထိုအခါ ထိုမိန်းမသည် ထိုယောက်ျား ကို အမောင် ထိုရဟန်းသည် အကျွန်ုပ်ကို ခေါ်၍ မသွားပေ၊ စင်စစ်မူကား ငါသာလျှင် ထိုရဟန်းနှင့်အတူ သွား၏၊ ထိုရဟန်း အား အပြစ်မရှိပေ၊ သွားချေ၊ ထိုရဟန်းကို ၀န်ချတောင်းပန်ချေလော့ ဟု ပြောဆို လေ၏။ ထိုအခါ ထိုယောက်ျားသည် ထိုရဟန်းကို ၀န်ချတောင်းပန်၏။
သည်းခံစေ၏။

ထိုအခါ ထိုရဟန်းသည် သာဝထ္ထိပြည်သို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ရဟန်းတို့သည် အဘယ့်ကြောင့် ရဟန်းသည် မာတုဂါမနှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားသနည်းဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ...
ရဟန်း သင်သည် မာတုဂါမနှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည် သော ခရီးသို့ သွား၏ ဟူသည် မှန်သလော}} ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား သင်သည် အဘယ့်ကြောင့် မာတုဂါမနှင့် အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤ သိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၁၆။ ၆၇-၄၁၃။ အကြင်ရဟန်းသည် မာတုဂါမနှင့် အတူ တိုင်ပင်၍ တစ်ကြောင်း တည်း အဓွန့်ရှည်သော ခရီးသို့ သွားငြားအံ့ အယုတ်သဖြင့် ရွာတစ်ပါးသို့ သော်လည်း သွားငြားအံ့၊

{{ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏}}

ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။

၇ - သံဝိဓာနသိက္ခာပုဒ်၊ သပ္ပါဏက၀ဂ်၊ ပါစိတ်ပါဠိတော်။