နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, August 27, 2008

ရူပိယသိက္ခာပုဒ်- (ရွှေ ငွေ အလှူခံမှု)

ရူပိယသိက္ခာပုဒ်- (ရွှေ ငွေ အလှူခံမှု)


၅၈၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ရှဥ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူသောအခါ သာကီ ၀င်မင်းသား အသျှင်ဥပနန္ဒသည် အမျိုးတစ်မျိုး၏ အိမ်သို့ကပ်သော အမြဲ ဆွမ်းဝတ်ရှိသော ရဟန်း ဖြစ်၏၊ ထိုအမျိုး၌ အကြင် ခဲဖွယ်သည် လည်းကောင်း၊ ဘောဇဉ်သည် လည်းကောင်း ဖြစ်အံ့၊ ထိုခဲဖွယ်ဘောဇဉ်မှ သာကီဝင်မင်းသား အသျှင်ဥပနန္ဒ အတွက် အဖို့ အစု ထားရ၏။

ထိုအခါ ညချမ်းအချိန်တွင် ထိုအမျိုး၌ စမဲဟင်းလျာ ဖြစ်ပေါ်၏၊ ထိုစမဲဟင်းလျာမှ သာကီဝင်မင်းသားအသျှင်ဥပနန္ဒ၏ အဖို့ကို ဖယ်ထား၏၊ ထိုအမျိုး၏ ကလေး သူငယ်သည် နံနက်စောစောထ၍ {{အကျွန်ုပ်အား စမဲဟင်းလျာကို ပေးကြ လော့}} ဟု ငို၏၊

ထိုအခါ ထိုယောက်ျားသည် ဇနီးကို အသျှင့်အတွက်အဖို့အစုကို ကလေးသူငယ် အား ပေးလော့၊ အခြား (ဟင်းလျာ)ကို ၀ယ်၍ အသျှင့်အား လှူကုန်အံ့ ဟု ပြောဆို၏။

ထိုအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် နံနက်အချိန်၌ သင်္ကန်းကို ပြင် ၀တ်၍ သပိတ်သင်္ကန်းကိုယူဆောင်ကာ ထိုအမျိုးထံသို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်၏၊ ထိုအခါ ထိုယောက်ျားသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒ ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ထိုင်လျက် သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အသျှင်ဘုရား ယမန်နေ့ ညချမ်းအချိန်က စမဲဟင်းလျာ ဖြစ်ပေါ် ပါသည်၊ ထိုစမဲဟင်းလျာကို အသျှင့်အတွက် ထားပါသည်၊ အသျှင်ဘုရား ဤကလေး သူငယ်သည် နံနက်စောစောထ၍ အကျွန်ုပ်အား စမဲဟင်းလျာကို ပေးကြလော့ဟု ငိုပါသည်၊ အသျှင့်အတွက် အဖို့အစုကို ကလေးသူငယ်အား ပေးရ ပါသည်၊

အသျှင်ဘုရား အသပြာဖြင့် အဘယ်ကို ဆောင်လာရပါမည်နည်း ဟု လျှောက်၏။
ဒါယကာ အသပြာကို ငါ့အား စွန့်လှူပြီး ဖြစ်သလောဟု (မေး၏)။
မှန်ပါသည် အသျှင်ဘုရား စွန့်လှူပြီးပါပြီဟု (လျှောက်၏)။
ဒါယကာ ငါ့အား ထိုအသပြာကိုပင် ပေးလော့ဟု (ဆို၏)။

ထိုအခါ ထိုယောက်ျားသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒအား အသပြာကို ပေးလှူပြီးနောက် ငါတို့သည် ရွှေငွေကို ခံယူသကဲ့သို့ ဤအတူပင် ဤသာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ရွှေငွေကို ခံယူကြကုန်၏ ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏၊

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုယောက်ျား၏ (စကားကို) ကြားကြသည်သာတည်း။

အလိုနည်းသော ရဟန်းတို့သည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် အဘယ့် ကြောင့် ရွှေငွေကို ခံယူဘိသနည်းဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏၊ ထိုအခါ ထိုရဟန်းတို့သည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။ပ။

{{ဥပနန္ဒ သင်သည်ရွှေငွေကို ခံယူ၏ဟူသည် မှန်သလော}}ဟု
စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် အဘယ့်ကြောင့် ရွှေငွေကို ခံယူဘိသနည်း၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

ပညတ်သိက္ခာပုဒ်
၃၇။ ၁၈-၅၈၃။ {{အကြင် ရဟန်းသည် ရွှေ ငွေကို (ကိုယ်တိုင်သော်လည်း) ခံယူ ငြားအံ့၊ (သူတစ်ပါးကိုသော်လည်း) ခံယူစေငြားအံ့၊ အနီး၌ ချထားအပ်သည် ကိုသော်လည်း သာယာငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ်သင့်၏}} ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

++++

၈ - ရူပိယသိက္ခာပုဒ် အဖွင့်
၅၈၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။
ဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို {{ရဟန်း}}ဟု ဆိုအပ်၏။

ရွှေ မည်သည် ဘုရားအဆင်းတော်နှင့်တူသော ၀တ္ထုကို ဆိုအပ်၏။

ငွေ မည်သည် အသပြာ ကြေးပိုက်ဆံ သစ်သားပိုက်ဆံ ချိပ်ပိုက်ဆံ
အရောင်းအ၀ယ် ဖြစ်နိုင်သမျှ ၀တ္ထုတည်း။

ခံယူငြားအံ့ဟူသည် ကိုယ်တိုင်ခံယူအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ခံယူစေငြားအံ့ဟူသည် အခြားသူကို ခံယူစေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အနီး၌ ချထားအပ်သည်ကိုသော်လည်း သာယာငြားအံ့ဟူသည် ဤ (ရွှေငွေ) သည် အသျှင့်အတွက် ဖြစ်စေဟု အနီး၌ ချထားအပ်သည်ကို သာယာငြားအံ့၊ စွန့်ခြင်း (၀ိနည်းကံ) ရှိ၏။ သံဃာအလယ်၌ စွန့်ရမည်။

ရဟန်းတို့ ဤသို့ စွန့်ရမည်။
ထို (ရွှေငွေ) ခံသော ရဟန်းသည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ကြီးကုန်သော ရဟန်းတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက်-

{{အသျှင်ဘုရားတို့ အကျွန်ုပ်သည် ရွှေငွေကို ခံယူမိပါ၏၊ ဤအကျွန်ုပ်၏ ရွှေငွေသည် စွန့်ခြင်း(၀ိနည်းကံ) ရှိပါသည်၊ အကျွန်ုပ်သည် ဤရွှေငွေကို သံဃာတော်အား စွန့်ပါသည်}}ဟု ဆိုရာ၏။

စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် အာပတ်ကို ခံယူရမည်၊ အကယ်၍ ထိုအရပ်သို့ အရံစောင့်သော် လည်းကောင်း၊ ဥပါသကာသော် လည်းကောင်းလာအံ့၊ ထိုသူကို{{ငါ့သျှင် ဤ (ရွှေငွေ) ကို သိလော့}}ဟု ပြောရမည်၊

အကယ်၍ ထိုသူသည် {{ဤ (ရွှေငွေ) ဖြင့် အဘယ်အရာကို ဆောင်လာရပါ မည်နည်း}}ဟု ဆိုအံ့၊ {{ဤမည် ဤမည်သော အရာကိုဆောင်ခဲ့}}ဟု မဆိုရ၊ ထောပတ်ကိုသော် လည်းကောင်း၊ ဆီကိုသော်လည်းကောင်း၊ ပျားရည်ကိုသော် လည်းကောင်း၊ တင်လဲကိုသော်လည်းကောင်း အပ်စပ်သည်ကို ပြောရမည်၊ အကယ်၍ ထိုသူသည် ထို (ရွှေငွေ) ဖြင့် လဲလှယ်၍ အပ်စပ်သည်ကို ဆောင်ခဲ့အံ့၊ ရွှေငွေခံယူသော ရဟန်းကိုထား၍ ရဟန်းအားလုံးတို့ပင်သုံးဆောင်အပ်၏။

အကယ်၍ ဤသို့ ထို (ရွှေငွေလဲလှယ်မည့်) သူကို ရအံ့၊ ဤသို့ ရခြင်းသည် ကောင်း၏၊ အကယ်၍မရအံ့၊ ထိုသူကို {{ဒါယကာ ဤရွှေငွေကို စွန့်ပစ်လော့}}ဟု ပြောရမည်၊ ထိုသူသည် အကယ်၍ စွန့်ပစ်အံ့၊ ဤသို့ စွန့်ပစ်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ပစ်အံ့၊ အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းကိုရွှေငွေစွန့် ရဟန်းဟု သမုတ်ရမည်၊

၎င်းရဟန်းသည် …
၁။ ဆန္ဒာဂတိသို့ မလိုက်ရာ၊
၂။ ဒေါသာဂတိသို့ မလိုက်ရာ၊
၃။ မောဟာဂတိသို့ မလိုက်ရာ၊
၎။ ဘယာဂတိသို့ မလိုက်ရာ၊
၅။ စွန့်အပ် မစွန့်အပ်သည်ကိုလည်းသိရာ၏။

ရဟန်းတို့ ဤသို့ သမုတ်ရမည်…
ရှေးဦးစွာ ရဟန်းကို တောင်းပန်ရမည်၊ တောင်းပန်ပြီးနောက် ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။

၅၈၅။ {{အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာအားလျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ်ရာ၏၊ ဤကား သိစေခြင်း တည်း။ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ်၏၊ အကြင် အသျှင်အား ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟုသမုတ်ခြင်းကို နှစ်သက် ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်းမရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

သံဃာသည် ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ်အပ်ပြီ၊ သံဃာ အား နှစ်သက်ခြင်းရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် နှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်ဟု (သိစေရမည်)။

သမ္မုတိရပြီးသော ထိုရဟန်းသည် အမှတ်နိမိတ်ကို မပြုဘဲ ကျစေရမည် {စွန့်ပစ်ရမည်}၊ အကယ်၍ အမှတ်နိမိတ်ကို ပြု၍ ကျစေအံ့ {စွန့်ပစ်အံ့}၊ ဒုက္ကဋ်အာပတ် သင့်၏။

၅၈၆။
ရွှေငွေ၌ ရွှေငွေဟု ထင်မှတ်ခြင်းရှိ၍ ရွှေငွေကို ခံယူအံ့၊
နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ရွှေငွေ၌ ယုံမှားရှိ၍ ရွှေငွေကို ခံယူအံ့၊
နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ရွှေငွေ၌ ရွှေငွေမဟုတ်ဟု ထင်မှတ်ခြင်းရှိ၍ ရွှေငွေကို ခံယူအံ့၊
နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ရွှေငွေမဟုတ်သည်၌ ရွှေငွေဟု ထင်မှတ်ခြင်းရှိအံ့၊
ဒုက္ကဋ်အာပတ် သင့်၏။

ရွှေငွေမဟုတ်သည်၌ယုံမှားခြင်းရှိအံ့၊
ဒုက္ကဋ်အာပတ် သင့်၏။

ရွှေငွေမဟုတ်သည်၌ ရွှေငွေမဟုတ်ဟု ထင်မှတ်ခြင်းရှိအံ့၊
အာပတ် မသင့်။

အရံတွင်း၌သော် လည်းကောင်း၊ တည်းခိုရာ ဇရပ်တွင်း၌ သော်လည်းကောင်း၊ ကိုင်ယူ၍ သော်လည်းကောင်း၊ ကိုင်ယူစေ၍ သော်လည်းကောင်း {{ဥစ္စာရှင်သည် ဆောင်ယူလတ္တံ့}}ဟု ထားအံ့၊ အာပတ်မသင့်။ ရူးသောရဟန်း အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ်မသင့်။

အဋ္ဌမ ရူပိယသိက္ခာပုဒ် ပြီး၏။
၈ - ရူပိယသိက္ခာပုဒ်၊ ကောသိယ၀ဂ်၊ နိဿဂ္ဂိယ အခန်း၊ ပါရာဇိကတ်ပါဠိတော်။