နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, August 20, 2008

ဗဠိသသုတ်-

ဗဠိသသုတ်-

ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တ ရာယ်ကို ပြုတတ်၏၊

ရဟန်းတို့ ဥပမာသော်ကား တံငါသည်သည် အစာတပ်သော ငါးမျှားချိတ်ကို နက်သောရေအိုင်၌ ပစ်ချရာ၏၊ အစာကို မြင်သော ငါးသည် ငါးမျှားချိတ်ကို မျိုရာ၏၊ ရဟန်းတို့ တံငါသည်၏ ငါးမျှားချိတ်ကို မျိုမိသော ထိုငါးသည် ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်၏၊
တံငါသည်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ရောက်၏။

ရဟန်းတို့ {{တံငါသည်}} ဟူသော ဤအမည်သည်...
ယုတ်ညံ့သော ကိလေသာမာရ်၏ အမည်တည်း။
ရဟန်းတို့ {{ငါးမျှားချိတ်}}ဟူသော ဤအမည်သည်...
လာဘ်ပူဇော်သကာ အကျော်အစော၏ အမည်တည်း။

ရဟန်းတို့ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောကို သာယာသူ အလိုရှိသူ မည်သည့်ရဟန်းကိုမဆို {{ကိလေသာမာရ်၏ ငါးမျှားချိတ်ကို မျိုသည် ဖြစ်၍ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ရောက်သူ ယုတ်မာသော ကိလေသာမာရ်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ရောက်သူ ရဟန်း}}ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ စင်စစ်လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည်-
ဤသို့ ခက်ထန်၏၊
ထက်မြက်၏၊
ကြမ်းတမ်း၏၊
ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည်-
{{ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်စောကို စွန့်ကုန်အံ့၊
ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောသည်
ငါတို့၏စိတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်လတ္တံ့}} ဟု
ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (ဟောတော်မူ၏)။

၂-ဗဠိသသုတ်၊ ပထမ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။