နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, August 11, 2008

မဂ္ဂင်ရှစ်ပါးတို့ကို ဝေဖန်၍ပြသောဝိဘင်း

မဂ္ဂင်္ဂင်္ဝိဘင်္ဂ
(မဂ္ဂင်ရှစ်ပါးတို့ကို ဝေဖန်၍ပြသောဝိဘင်း)

သုတ္တန္တဘာဇနီယနည်း
(သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားသောနည်း)

မဂ္ဂင်ရှစ်ပါး
(နိဗ္ဗာန်ရောက်ကြောင်းတရားရှစ်ပါး)

ဖြူစင်မြင့်မြတ်သည့် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည် ရှိ၏။
ဤအင်္ဂါရှစ်ပါးတို့သည် အဘယ်တို့နည်း။

၁။ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ}၊
၂။ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ}၊
၃။ ကောင်းစွာပြောဆိုမှု {သမ္မာဝါစာ}၊
၎။ ကောင်းစွာ ပြုလုပ်မှု {သမ္မာကမ္မန္တ}၊
၅။ ကောင်းစွာ အသက်မွေးမှု {သမ္မာအာဇီဝ}၊
၆။ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ}၊
၇။ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ}၊
၈။ ကောင်းစွာ တည်ကြည်မှု {သမ္မာ သမာဓိ} တို့တည်း။

(၁) သမ္မာဒိဋ္ဌိ
ထိုတွင် အဘယ်သည် ကောင်းစွာသိမြင်မှု သမ္မာဒိဋ္ဌိ မည်သနည်း။

ဆင်းရဲ၌ သိမှုပညာ၊ ဆင်းရဲဖြစ်ကြောင်း၌ သိမှုပညာ၊ ဆင်းရဲချုပ်ရာ၌ သိမှုပညာ၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်၌ သိမှုပညာသည် ရှိ၏။ ဤသဘောကို ကောင်းစွာ သိမြင်မှု သမ္မာဒိဋ္ဌိ ဟု ဆိုအပ်၏။

(၂) သမ္မာသင်္ကပ္ပ
ထိုတွင် အဘယ်သည် ကောင်းစွာ ကြံစည်မှု သမ္မာသင်္ကပ္ပ မည်သနည်း။

ကာမတို့မှ ထွက်မြောက်ရန် ကြံစည်မှု နေက္ခမ္မသင်္ကပ္ပ၊ မပျက်စီးစေရန် ကြံစည်မှု အဗျာပါဒ သင်္ကပ္ပ၊ မညှဉ်းဆဲရန် ကြံစည်မှု အ၀ိဟိံသာသင်္ကပ္ပသည် ရှိ၏။ ဤ သဘောကို ကောင်းစွာ ကြံစည်မှု သမ္မာသင်္ကပ္ပ ဟု ဆိုအပ်၏။

(၃) သမ္မာဝါစာ
ထိုတွင် အဘယ်သည် ကောင်းစွာပြောဆိုမှု သမ္မာဝါစာ မည်သနည်း။

မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်မှု၊ ကုန်းချောစကားမှ ရှောင်ကြဉ်မှု၊ ကြမ်းတမ်း သော စကားမှ ရှောင်ကြဉ်မှု၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်မှုသည် ရှိ၏။ ဤသဘောကို ကောင်းစွာ ပြောဆိုမှု သမ္မာဝါစာ ဟု ဆိုအပ်၏။

(၄) သမ္မာကမ္မန္တ
ထိုတွင် အဘယ်သည် ကောင်းစွာ ပြုလုပ်မှု သမ္မာကမ္မန္တ မည်သနည်း။

အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှု၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်မှု၊ ကာမ ဂုဏ်တို့၌ မှားသော အကျင့်မှ ရှောင်ကြဉ်မှုသည် ရှိ၏။ ဤသဘောကို ကောင်းစွာ ပြုလုပ်မှု သမ္မာကမ္မန္တ ဟု ဆိုအပ်၏။

(၅) သမ္မာအာဇီဝ
ထိုတွင် အဘယ်သည် ကောင်းစွာအသက်မွေးမှု သမ္မာအာဇီဝ မည်သနည်း။

ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သာဝကသည် မှားသော အသက် မွေးမှုကို ပယ်၍ ကောင်းသော အသက်မွေးမှုဖြင့် အသက်ကို မွေးမြူ၏။ ဤ သဘောကို ကောင်းစွာ အသက်မွေးမှု သမ္မာအာဇီဝ ဟု ဆိုအပ်၏။

(၆) သမ္မာဝါယာမ
ထိုတွင် အဘယ်သည် ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ မည်သနည်း။

ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော အကုသိုလ် အယုတ်တရားတို့ ကို မဖြစ်စေရန်ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့် ၏၊ အထပ်ထပ် အားထုတ်၏။ ဖြစ်ပြီးသော အကုသိုလ် အယုတ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အထပ်ထပ် အားထုတ်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကိုဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အထပ်ထပ် အားထုတ်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန်၊ မပျောက်ပျက်ရန်၊ အထပ်ထပ်ဖြစ်ရန်၊ ပြန့်ပွါးရန်၊ တိုးပွါးရန်၊ ပြည့်စုံစေရန်၊ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အထပ်ထပ် အားထုတ်၏။
ဤသဘောကို ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ ဟု ဆိုအပ်၏။

(၇) သမ္မာသတိ
ထိုတွင် အဘယ်သည် ကောင်းစွာ အောက်မေ့မှု သမ္မာသတိ မည်သနည်း။

ဤသာသနာတော်၌ ရဟန်းသည် ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာရှိသည်ဖြစ်၍ အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံးမသာယာမှု ဒေါမနဿကို ပယ်ဖျောက်၍ ဆံပင်စသော ရုပ် အပေါင်း၌ ဆံပင်စသော ရုပ်အပေါင်းဟု အဖန်ဖန် အထပ်ထပ် ရှုလျက်နေ၏။

ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ ကောင်းစွာ အပြား အားဖြင့် သိတတ်သော ပညာရှိသည်ဖြစ်၍ အောက်မေ့မှု သတိရှိလျက် (ခန္ဓာ ကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံးမသာယာမှု ဒေါမန ဿကို ပယ်ဖျောက်၍ ခံစားမှု ဝေဒနာတို့၌ ချမ်းသာစသော ခံစားမှု ဝေဒနာတို့ဟု အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။

ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာရှိသည်ဖြစ်၍ အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံးမသာယာမှု ဒေါမနဿကို ပယ်ဖျောက်၍ စိတ်တို့၌ (ရာဂစသော) စိတ်ဟု အဖန်ဖန် အထပ် ထပ် ရှုလျက်နေ၏။ ကိလေသာကို ပြင်းစွာ ပူပန်စေတတ်သော လုံ့လရှိသည် ဖြစ်၍ ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာရှိသည်ဖြစ်၍ အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ နှလုံး မသာယာမှု ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ (ခန္ဓာစသော) တရားတို့ဟု အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ ဤသဘောကို ကောင်းစွာ အောက်မေ့မှု သမ္မာသတိဟု ဆိုအပ်၏။

(၈) သမ္မာသမာဓိ
ထိုတွင် အဘယ်သည် ကောင်းစွာ တည်ကြည်မှု သမ္မာသမာဓိ မည်သနည်း။

ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍ ကြံစည်ခြင်း ၀ိတက်နှင့်တကွဖြစ်သော၊ ဆင်ခြင်သုံးသပ် ခြင်း ၀ိစာရနှင့်တကွဖြစ်သော၊ နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊ နှစ်သက်ခြင်း ပီတိ, ချမ်းသာခြင်း သုခရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။

ကြံစည်ခြင်း ၀ိတက်၊ ဆင်ခြင်သုံးသပ်ခြင်း ၀ိစာရတို့၏ ငြိမ်းအေးခြင်းကြောင့် မိမိသန္တာန်၌ ဖြစ်သော၊ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း သမာဓိကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်ခြင်း ၀ိတက်, ဆင်ခြင်သုံးသပ်ခြင်း ၀ိစာရ မရှိသော၊ တည်ကြည်ခြင်း သမာဓိကြောင့်ဖြစ်သော နှစ်သက်ခြင်း ပီတိ, ချမ်းသာခြင်း သုခရှိသော ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။

နှစ်သက်ခြင်း ပီတိကိုလည်း စက်ဆုပ်ခြင်းကြောင့် လျစ်လျူရှုလျက်သာလျှင် နေ၏။ အောက်မေ့ခြင်း သတိ, ကောင်းစွာ အပြားအားဖြင့် သိခြင်း သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်း သုခကိုလည်း ကိုယ်ဖြင့် ခံစား၏။ အကြင် တတိယဈာန်ကြောင့် ထိုသူကို အရိယာပုဂ္ဂိုလ်တို့က လျစ်လျူရှုနိုင်သူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူဟု ချီးမွမ်းတော် မူကြကုန်၏။ ထိုတတိယဈာန်ကို ပြည့်စုံ စေ၍ နေ၏။

ချမ်းသာခြင်း သုခ, ဆင်းရဲခြင်း ဒုက္ခကို ပယ်ခြင်းကြောင့် လည်းကောင်း၊ ရှေးဦး ကပင်လျှင် ၀မ်းမြောက်ခြင်း သောမနဿ, စိတ်နှလုံးမသာယာခြင်း ဒေါမနဿတို့ ၏ ချုပ်နှင့်ခြင်းကြောင့် လည်းကောင်း, ဆင်းရဲခြင်း ဒုက္ခလည်းမဟုတ်, ချမ်းသာ ခြင်း သုခလည်း မဟုတ်သော လျစ်လျူရှုခြင်း ဥပေက္ခာကြောင့် ဖြစ်သည့် သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍နေ၏။
ဤသဘောကို ကောင်းစွာ တည်ကြည်မှု သမ္မာသမာဓိဟု ဆိုအပ်၏။