နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, August 14, 2008

ဂန္ဓတ္ထေနသုတ်-


ဂန္ဓတ္ထေနသုတ်- (အနံ့ခိုးသောသူ)

အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထိုရဟန်းသည် ဆွမ်စားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် ရေကန် သို့ သက်ဆင်း၍ ပဒုမ္မာကြာကို နမ်း၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍နေသော နတ်သည် ထိုရဟန်းအား အစဉ်သနားခြင်းရှိသည် ဖြစ်၍ အကျိုးစီးပွားကို လိုသော ကြောင့် ထိုရဟန်းကို ထိတ်လန့်စေလိုရကား ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

{{အချင်း သင်သည် အရှင်မပေးအပ်သော ကြာပန်းကို နမ်းဘိ၏၊ ထိုနမ်းခြင်း သည် ခိုးခြင်းတို့တွင် အင်္ဂါတစ်ပါးတည်း၊ အချင်း သင်သည် အနံ့သူခိုး ဖြစ်၏}} ဟု လျှောက်၏။

{{နတ်သား ငါသည် ပဒုမ္မာကြာကို ယူလည်း မယူ၊ ချိုးလည်း မချိုး၊ အဝေးမှကား နမ်းမိ၏၊ သို့ဖြစ်လျက် အဘယ်အကြောင်းကြောင့် ငါ့ကို အနံ့သူခိုးဟူ၍ ဆိုအပ်သ နည်း။
အကြင်သူသည် ကြာစွယ်တို့ကို တူး၏၊ ကြာဖြူပွင့်တို့ကို ချိုးဖဲ့ဖျက်ဆီး၏၊ မစင် ကြယ်သော အကျင့်ရှိသော ထိုသူကိုမူကား ကြာသူခိုးဟူ၍ အဘယ့်ကြောင့် မဆို အပ်သနည်း}} ဟု ပြန်ပြော၏။

{{ယောက်ျားသည် မကောင်းမှု အမျိုးမျိုးဖြင့် ပြွမ်း၍ နေ၏၊ အညစ်အကြေးတို့ဖြင့် အလိမ်းလိမ်း ကပ်နေ၏၊ ထိုသူ၌ ငါ့အားဆိုဖွယ်စကားမရှိ၊ သင့်ကိုသာလျှင် ဆို ထိုက်၏။ ကိလေသာမရှိသော အမြဲ စင်ကြယ်ခြင်းကို ရှာမှီးလေ့ရှိသော ယောက်ျား အား သားမြီးဖျားမျှလောက်ရှိသော မကောင်းမှုသည် ထင်၏}}ဟု (လျှောက်၏)။

{{တောစောင့်နတ် စင်စစ် သင်သည် ငါ့ကို (စင်ကြယ်၏ဟု) သိပေ၏၊ သင်သည် ငါ့ကို အစဉ်သနား စောင့်ရှောက်ပေ၏။ အကြင်အခါ ဤသို့ သဘောရှိသော အမှုကို သင် မြင်၏၊ ထိုအခါ၌လည်း နောက်ထပ် ဆိုလှည့်ပါလော့}} ဟု (ဆို၏)။

{{ရဟန်း ငါတို့သည် သင့်ကိုမှီ၍ အသက်မမွေးကုန်၊ သင်၏ အခစား မဟုတ်ကုန်။ အကြင်အမှုဖြင့် သုဂတိဘုံသို့ ရောက်ရာ၏၊ ထိုအမှုကို သင်သည်သာလျှင် သိလေလော့}} ဟု (လျှောက်၏)။

ရဟန်းသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။

ဝနသံယုတ် ပြီး၏။
ဂန္ဓတ္ထေနသုတ်၊ ၀နသံယုတ်၊ သဂါထာဝဂ္ဂပါဠိတော်။