နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, August 12, 2008

သိပ္ပသုတ်- (အတတ်ပညာ)

သိပ္ပသုတ်- (အတတ်ပညာ)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတ၀န်ကျောင်း၌ သီတင်း သုံးနေတော်မူ၏။

ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ တန်ဆောင်းဝန်း၌ စုဝေးထိုင် နေကြကုန်သော ရဟန်းတို့အား...

ငါ့သျှင်တို့ အဘယ်သူသည် (အသက်မွေးကြောင်း) အတတ်ကို သိသနည်း။
အဘယ်သူသည် အဘယ်အတတ်ကို သင်ယူသနည်း။
အတတ်တို့တွင် အဘယ်အတတ်သည် အမြတ်ဆုံးနည်း ဟူ၍
ဤကြားညှပ်စကားသည် ဖြစ်ပေါ်လာ၏။

ထိုရဟန်းတို့တွင် ရဟန်းအချို့တို့က
အတတ်တို့တွင် ဆင်အတတ်သည် အမြတ်ဆုံး ဟု ဆိုကြကုန်၏။
တချို့က
မြင်းအတတ်သည် အမြတ်ဆုံး ဟု ဆိုကြကုန်၏။
တချို့က
ရထားအတတ်သည် အမြတ်ဆုံး ဟု ဆိုကြကုန်၏။
တချို့က
လေးအတတ်သည် အမြတ်ဆုံး ဟု ဆိုကြကုန်၏။
တချို့က
သန်လျက်စသော လက်နက်အတတ်သည် အမြတ်ဆုံး ဟု ဆိုကြကုန်၏။
တချို့က
လက်ဆစ်ချိုး ရေတွက်ခြင်း အတတ်သည် အမြတ်ဆုံး ဟု ဆိုကြကုန်၏။
တချို့က
ဂဏန်းအတတ်သည် အမြတ်ဆုံး ဟု ဆိုကြကုန်၏။
တချို့က
အပေါင်းကိန်းဖြင့် ရေတွက်ခြင်းအတတ်သည် အမြတ်ဆုံး ဟု ဆိုကြကုန်၏။
တချို့က
အက္ခရာစာရေးအတတ်သည် အမြတ်ဆုံးဟု ဆိုကြကုန်၏။
တချို့က
ကဗျာဖွဲ့ခြင်း အတတ်သည် အမြတ်ဆုံး ဟု ဆိုကြကုန်၏။
တချို့က
လောကာယတကျမ်း အတတ်သည် အမြတ်ဆုံး ဟု ဆိုကြကုန်၏။
တချို့က
မင်းမှုရေးရာ နီတိကျမ်းအတတ်သည် အမြတ်ဆုံး ဟု ဆိုကြကုန်၏။
ထိုရဟန်းတို့အား မပြီးပြတ်သေးသော ဤကြားညှပ်စကားသည် ဖြစ်ပေါ်၏။

ထို့နောက် မြတ်စွာဘုရားသည် ညချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထ လျက် တန်ဆောင်းဝန်းသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော် မူပြီးသော် ရဟန်းတို့ကို {{ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေ ကြ ကုန်သနည်း။ သင်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားသည် အဘယ် နည်း}} ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တပည့်တော်တို့အား။ ပ ။
ဤစကားသည် တပည့်တော်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားဖြစ်ပါ၏။

ရဟန်းတို့ ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်သို့ ၀င် ရောက် ရဟန်းပြုကြသော သင် အမျိုးကောင်းသားတို့သည် ဤသို့ သဘောရှိ သော စကားကို ပြောဆိုခြင်းသည် မလျောက်ပတ်။ ရဟန်းတို့ စုဝေး နေထိုင်ကြ ကုန်သော သင်တို့အား တရားနှင့်စပ်သော စကားကိုသော် လည်းကောင်း၊ မြတ် သော ဆိတ်ဆိတ်နေခြင်းကိုသော် လည်းကောင်း ဤနှစ်ပါးကိုသာ ပြုသင့်၏ ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထို အချိန်၌-

{{အကြင်ပုဂ္ဂိုလ်သည် အတတ်ကိုမှီ၍ အသက်မွေးလေ့မရှိ၊ ပေါ့ပါး၏။ အကျိုးစီးပွါး ကို အလိုရှိ၏။ ဣနြေ္ဒကို စောင့်စည်း၏။ ဘ၀အလုံးစုံတို့မှ ကင်းလွတ်၏။ အာယတ န ခြောက်ပါးတို့၌ သက်ဝင်သောစိတ်မရှိ၊ မြတ်နိုးမှုမရှိ၊ တောင့်တမှုမရှိ၊ မာနကိုစွန့် ၍ တစ်ယောက်တည်းကျင့်၏။ ထိုပုဂ္ဂိုလ်သည်သာ ဘိက္ခုမည်၏}}ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

န၀မသုတ်။
သိပ္ပသုတ်၊ နန္ဒ၀ဂ်၊ ဥဒါန်းပါဠိတော်။