နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, March 11, 2009

ပုညကိရိယဝတ္ထုသုတ်

ပုညကိရိယဝတ္ထုသုတ်

ရဟန်းတို့ ပုညကိရိယဝတ္ထု တို့သည် ဤသုံးမျိုးတို့တည်း။

အဘယ်သုံးမျိုးတို့နည်းဟူမူ -

၁။ ဒါနဟူသော ပုညကိရိယဝတ္ထု၊
၂။ သီလဟူသော ပုညကိရိယဝတ္ထု၊
၃။ ဘာဝနာဟူသော ပုညကိရိယဝတ္ထုတို့တည်း။

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ...
ဒါနဟူသော ပုညကိရိယဝတ္ထုကို အနည်းငယ်သာလျှင်ပြုအပ်၏၊
သီလဟူသော ပုညကိရိယဝတ္ထုကို အနည်းငယ်သာလျှင် ပြုအပ်၏၊
ဘာဝနာ ဟူသော ပုညကိရိယဝတ္ထုကို မပြီးစေ၊

ထိုသူသည် ကိုယ်ခန္ဓာပျက်ကြွေ၍ သေသည်မှနောက်၌
လူတို့တွင် ဘုန်းကံနည်း သော ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရ၏။

ရဟန်းတို့ ဤလောက၌ အချို့သော သူသည်
ဒါန ဟူသော ပုညကိရိယဝတ္ထုကို အတိုင်းအရှည်အားဖြင့် ပြုအပ်၏၊
သီလဟူသော ပုညကိရိယဝတ္ထုကို အတိုင်းအရှည်အားဖြင့် ပြုအပ်၏၊
ဘာဝနာဟူသော ပုညကိရိယ ဝတ္ထုကို မပြီးစေ၊

ထိုသူသည် ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှနောက်၌
လူတို့တွင် ဘုန်းကံကြီးသော မြင့်မြတ်သော အမျိုး၌ ဖြစ်ရ၏။

ရဟန်းတို့ ဤလောက၌ အချို့သော သူသည်
ဒါနဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊
သီလဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊
ဘာဝနာဟူသော ပုညကိရိယဝတ္ထုကို မပြီးစေ၊

ထိုသူသည် ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှနောက်၌
စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။

ရဟန်းတို့ ထိုဘုံ၌ စာတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့သည်
ဒါနဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုသောကြောင့်၊
သီလဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုသောကြောင့်၊

နတ်၌ ဖြစ်သော အသက်ရှည်ခြင်း၊
နတ်၌ ဖြစ်သော အဆင်းလှခြင်း၊
နတ်၌ ဖြစ်သော ချမ်းသာခြင်း၊
နတ်၌ ဖြစ်သော အခြံအရံ များခြင်း၊
နတ်၌ ဖြစ်သော အစိုးရခြင်း၊
နတ်၌ ဖြစ်သော ရူပါရုံ၊
နတ်၌ ဖြစ်သော သဒ္ဒါရုံ၊
နတ်၌ ဖြစ်သော ဂန္ဓာရုံ၊
နတ်၌ ဖြစ်သော ရသာရုံ၊
နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟူသော
ဆယ်ပါးသော အကြောင်းတို့ဖြင့် စာတုမဟာရာဇ်နတ်တို့ကို သာလွန်လွှမ်းမိုး၏။

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ဒါနဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊ သီလဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊ ဘာဝနာဟူသော ပုညကိရိယဝတ္ထုကို မပြီးစေ၊ ထိုသူသည် ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှနောက်၌ တာဝတိံသာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။ ရဟန်းတို့ ထိုဘုံ၌ နတ်တို့အရှင် သိကြားမင်းသည် ဒါန ဟူသော ပုညကိရိယဝတ္ထု ကို အလွန်အကဲ ပြုသောကြောင့် သီလဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုသောကြောင့် နတ်၌ ဖြစ်သော အသက်ရှည်ခြင်း။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံ ဟူသော ဆယ်ပါးသော အကြောင်းတို့ဖြင့် တာဝတိံသာနတ်တို့ကို သာလွန် လွှမ်းမိုးနိုင်၏။

ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဒါန ဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊ သီလဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊ ဘာဝနာဟူသော ပုညကိရိယဝတ္ထုကို မပြီးစေ၊ ထိုသူသည် ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှနောက်၌ ယာမာနတ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ရ၏။ ရဟန်းတို့ ထိုဘုံ၌ သုယာမနတ်သားသည် ဒါနဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုသောကြောင့် သီလဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုသောကြောင့် နတ်၌ ဖြစ်သော အသက်ရှည်ခြင်း။ပ။ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံ ဟူသော ဆယ်ပါးသော အကြောင်းတို့ဖြင့် ယာမာနတ်တို့ကို သာလွန် လွှမ်းမိုး နိုင်၏။

ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဒါန ဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊ သီလဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊ ဘာဝနာ ဟူသော ပုညကိရိယဝတ္ထုကိုမပြီးစေ၊ ထိုသူသည် ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှ နောက်၌ တုသိတာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။ ရဟန်းတို့ ထိုဘုံ၌ သန္တုဿိတနတ်သားသည် ဒါန ဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုသောကြောင့် သီလ ဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုသောကြောင့် နတ်၌ ဖြစ်သော အသက်ရှည်ခြင်း။ပ။ နတ်၌ဖြစ်သော ဖောဋ္ဌဗ္ဗာရုံ ဟူသော ဆယ်ပါးသော အကြောင်းတို့ဖြင့် တုသိတာနတ်တို့ကို သာလွန် လွှမ်းမိုး နိုင်၏။

ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဒါန ဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊ သီလဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊ ဘာဝနာဟူသော ပုညကိရိယဝတ္ထုကို မပြီးစေ၊ ထိုသူသည် ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှ နောက်၌ နိမ္မာနရတိနတ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ရ၏။ ရဟန်းတို့ ထိုဘုံ၌ သုနိမ္မိတနတ်သားသည် ဒါနဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုသောကြောင့် သီလ ဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုသောကြောင့် နတ်၌ ဖြစ်သော အသက်ရှည်ခြင်း။ပ။ နတ်၌ဖြစ်သော ဖောဋ္ဌဗ္ဗာရုံ ဟူသော ဆယ်ပါးသော အကြောင်းတို့ဖြင့် နိမ္မာနရတိနတ်တို့ကို သာလွန်လွှမ်းမိုး နိုင်၏။

ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဒါန ဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊ သီလဟူသော ပုညကိရိယဝတ္ထုကို အလွန်အကဲ ပြုအပ်၏၊ ဘာဝနာဟူသော ပုညကိရိယဝတ္ထုကို မပြီးစေ၊ ထိုသူသည် ကိုယ်ခန္ဓာ ပျက်ကြွေ၍ သေသည်မှနောက်၌ ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ရ၏။ ရဟန်းတို့ ထိုဘုံ၌ ဝသဝတ္တီနတ်သားသည် ဒါန ဟူသော ပုညကိရိယ ဝတ္ထုကို အလွန်အကဲ ပြုသောကြောင့် သီလ ဟူသော ပုညကိရိယဝတ္ထုကို အလွန် အကဲ ပြုသောကြောင့် နတ်၌ဖြစ်သော အသက်ရှည်ခြင်း၊ နတ်၌ဖြစ်သော အဆင်း လှခြင်း၊ နတ်၌ ဖြစ်သော ချမ်းသာခြင်း၊ နတ်၌ ဖြစ်သော အခြံအရံ များခြင်း၊ နတ်၌ ဖြစ်သော အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ၊ နတ်၌ ဖြစ်သော သဒ္ဒါရုံ၊ နတ်၌ ဖြစ်သော ဂန္ဓာရုံ၊ နတ်၌ ဖြစ်သော ရသာရုံ၊ နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံ ဟူသော ဆယ်ပါးသော အကြောင်းတို့ဖြင့် ပရနိမ္မိတဝသဝတ္တီနတ်တို့ကို သာလွန် လွှမ်းမိုး နိုင်၏။
ရဟန်းတို့ ထိုပုညကိရိယဝတ္ထုတို့သည် ဤသုံးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

၆ - ပုညကိရိယဝတ္ထုသုတ်၊ ဒါန၀ဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။