အံသြဖွယ်ရာ မဖြစ်ဖူးမြဲ ဖြစ်ပုံအချက် -
အသျှင်ဥဒါယီသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -
''မြတ်စွာဘုရား၏ အလိုနည်းခြင်းသည် ရောင့်ရဲလွယ်ခြင်းသည် ကိလေသာ ခေါင်းပါးခြင်းသည် အံဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသောတန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ။
မြတ်စွာဘုရား ဤဂုဏ်အပေါင်းမှ ဂုဏ်တစ်ခုခုကိုသော်လည်း တစ်ပါးသော အယူ ရှိကုန်သော ပရိဗိုဇ်တို့သည် မိမိ၌ မြင်ကုန်ငြားအံ့၊ ထိုပရိဗိုဇ်တို့သည် ထိုဂုဏ်မျှ ဖြင့်ပင် တံခွန်ထူ၍ လှည့်လည် ကုန်ရာ၏။
မြတ်စွာဘုရား၏ အလိုနည်းခြင်းသည် ရောင့်ရဲလွယ်ခြင်းသည် ကိလေသာ ခေါင်းပါးခြင်းသည် အံဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင် ဘုရား၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသောတန်ခိုးရှိပါလျက် ကြီးသော အာနု ဘော်ရှိပါလျက် မမိဂုဏ်ကို ထင်ရှားပြုတော်မမူ'' ဟု လျှောက်၏။
ဥဒါယီ သင်သည် မြတ်စွာဘုရား၏ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာ ခေါင်းပါးခြင်းကို ရှုလော့၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ။ ဥဒါယီ ဤဂုဏ် အပေါင်းမှ ဂုဏ်တစ်ခုခုကို သော်လည်း တစ်ပါးသော အယူရှိသော ပရိဗိုဇ်တို့သည် မိမိ၌ မြင်ကုန်ငြားအံ့၊ ထိုပရိဗိုဇ်တို့သည် ထိုဂုဏ်မျှဖြင့်ပင် တံခွန်ထူ၍ လှည့်လည် ကုန် ရာ၏။ ဥဒါယီ သင်သည် မြတ်စွာဘုရား၏ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာ ခေါင်းပါးခြင်းကို ရှုလော့၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော် ရှိပါလျက် မိမိ ဂုဏ်ကို ထင်ရှားပြုတော်မမူ ဟု မိန့်တော်မူ၏။ ၁၆၂။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို မိန့်တော်မူ၏။ ''သာရိပုတြာ ဤတရားတော်ကို ရဟန်းယောက်ျားတို့အား လည်းကောင်း ရဟန်းမိန်မတို့အား လည်းကောင်း ဒါယကာတို့အား လည်းကောင်း ဒါယိကာမတို့အားလည်းကောင်း သင်သည် မပြတ်ဟောကြားလေလော့။
သာရိပုတြာ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်ကုန်သော အကြင်ယောက်ျားတို့အား မြတ်စွာဘုရား၌ ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်လတ္တံ့၊ ထိုယောက်ျားတို့အား ဤတရားဒေသနာတော်ကို နာရ၍ မြတ်စွာဘုရား၌ ထိုယုံမှား တွေးတောခြင်းသည် အလိုလို ပျောက်လတ္တံ့၊ ထို့ကြောင့် မပြတ်ဟောကြားလေလော့ ဟု မိန့်တော် မူ၏။
ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် အသျှင်သာရိပုတြာသည် မြတ်စွာဘုရား မျက် မှောက်တော်၌ ကြည်ညိုခြင်းကို (အကြင့်ကြောင့်) ပြောကြား၏၊ ထို့ကြောင့် ဤ အမေးအဖြေနှင့်တကွ ဟောကြားအပ်သော တရားတော်၏ အမည်သည် 'သမ္ပ-သာဒနီယ 'ဟု တွင်သတည်း။ ၁၆၃။
သမ္ပသာဒနီယသုတ်၊ ပါထိက၀ဂ်ပါဠိတော်၊ ဒီဃနိကာယ်။

သာဓု... သာဓု... သာဓု...။