နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, March 14, 2009

ကုမ္မသုတ် ... ကြိုးရှည်ရှည် တပ်ထားသော မှိန်း ...

ကုမ္မသုတ် - (လိပ်)

သာဝတ္ထိနိဒါန်း...။
ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။
ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏။

ရဟန်းတို့ ...
ရှေး၌ ဖြစ်ဖူးသည်ကား တစ်ခုသော ရေအိုင်၌ လိပ်ကြီးမျိုးသည် ကြာမြင့်စွာ နေ လေ့ရှိ၏၊ ရဟန်းတို့ ထိုအခါ၌လိပ်တစ်ကောင်သည် လိပ်တစ်ကောင်အား အမောင် လိပ် သင်သည် ထိုအရပ်သို့ မသွားလင့် ဟု ဆို၏၊ ရဟန်းတို့ ထိုလိပ်သည် ထို အရပ်သို့ သွားသည်သာလျှင်တည်း၊ ထိုသွားသော လိပ်ကို မုဆိုးသည် ကြိုးရှည် ရှည် တပ်ထားသော မှိန်းဖြင့် ထိုးပစ်လိုက်၏၊

ရဟန်းတို့ ...
ထိုအခါ လိပ်သည် ထိုဆုံးမသော လိပ်ထံသို့ ချဉ်းကပ်လာ၏၊ ထိုဆုံးမသော လိပ်သည် ထိုအထိုးခံ ရသော လိပ်လာသည်ကို အဝေးမှ မြင်လျှင် ''အမောင်လိပ် အသို့နည်း၊ သင်သည် ထိုအရပ်သို့ သွားခဲ့ပြီလော''ဟု ဆို၏၊ အမောင်လိပ် ငါသည် ထိုအရပ်သို့ သွားခဲ့မိ၏၊ အမောင်လိပ် အသို့နည်း၊ သင်သည် အထိုးမခံရ အသတ်မခံရသလော၊ အမောင်လိပ် အထိုးမခံရ အသတ်မခံရပါ၊ သို့သော်လည်း ငါ၏ နောက်မှ နောက်မှ အစဉ်လိုက်သော ဤကြိုးငယ်သည် ရှိပါသည်ဟု ဆို၏၊

အမောင်လိပ် စင်စစ် သင့်ကို မှိန်းဖြင့် ထိုးမိ၏၊ စင်စစ် အသတ်ခံရ၏၊ အမောင်လိပ် ဤကြိုးဖြင့် သင်၏ အဖတို့သည် လည်းကောင်း၊ အဖိုးတို့သည် လည်းကောင်း ဆင်းရဲခြင်း, ပျက်စီးခြင်းသို့ ရောက်ခဲ့ကုန်၏၊ အမောင်လိပ် ယခုပင် သင်သွား လော့၊ ယခုအခါ သင်သည် ငါတို့၏ အပေါင်းအဖော် မဟုတ်တော့ပြီဟု ဆို၏။

ရဟန်းတို့ ...
''မုဆိုး''ဟူသော ဤအမည်သည် ယုတ်မာသော ကိလေသာမာရ်၏ အမည်တည်း။

ရဟန်းတို့ ...
''ကြိုးရှည်ရှည် တပ်ထားသော မှိန်း'' ဟူသော ဤအမည်သည် လာဘ်ပူဇော် သကာ အကျော်အစော၏ အမည်တည်း။

ရဟန်းတို့ ...
''ကြိုး'' ဟူသော ဤအမည်သည် နှစ်သက်စွဲမက်ခြင်း 'နန္ဒီရာဂ'၏ အမည်တည်း။ ရဟန်းတို့ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောကို သာယာသူ အလိုရှိသူ မည်သည့် ရဟန်းကို မဆို ''ကြိုးရှည်ရှည် တပ်ထားသော မှိန်းဖြင့် စူးဝင် သည် ဖြစ်၍ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်သူ, ယုတ်မာသော ကိလေသာမာရ် ၏ အလိုရှိတိုင်း အပြုခံရသူ ရဟန်း'' ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (ဟောတော်မူ၏)။

၃ - ကုမ္မသုတ်၊ ပဌမ၀ဂ်၊ နိဒါနသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။