နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, August 6, 2008

ဝိသာခါသုတ်-

ဝိသာခါသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် မိဂါရမာတာ ၀ိသာခါ လှူဒါန်းထားသော
သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ မိဂါရမာတာ ၀ိသာခါ၏ တစ်ခုသော ကိစ္စရပ်သည် ပသေနဒီ ကောသလ မင်းနှင့် စပ်ဆိုင်နေ၏။ ထိုကိစ္စကို ပသေနဒီ ကောသလမင်းသည် ၀ိသာခါ၏ အလိုဆန္ဒအတိုင်း မပြီးစေ။

ထို့နောက် ကျောင်းအမကြီး ၀ိသာခါသည် နေ့လယ်အချိန်၌ပင် မြတ်စွာဘုရားထံ သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်နေ၏။ ထို ထိုင်နေသော မိဂါရမာတာ ၀ိသာခါကို မြတ်စွာဘုရားသည်၊ ၀ိသာခါ ယခု နေ့လယ် အချိန်၌ သင်သည် အဘယ်မှ လာသနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား တပည့်တော်မ၏ တစ်ခုသော ကိစ္စရပ်သည် ပသေနဒီကောသလ မင်းနှင့် စပ်ဆိုင်နေ၏။ ထိုကိစ္စကို ပသေနဒီကောသလမင်းသည် တပည့်တော်မ၏ အလိုဆန္ဒအတိုင်း မပြီးပါစေဟု (လျှောက်၏)။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍....
သူတစ်ပါး အလိုလိုက်ရမှု ဟူသမျှသည် ဆင်းရဲ၏။
အစိုးရမှုဟူသမျှသည် ချမ်းသာ၏။ မှန်လှ၏။
ယောဂလေးပါးမှ လွန်နိုင်ခဲသောကြောင့် သတ္တ၀ါတို့သည် သူတစ်ပါးတို့နှင့် ဆက်ဆံရာ၌ ပင်ပန်းကြရကုန်၏ ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

န၀မသုတ်။
ဝိသာခါသုတ်၊ မုစလိန္ဒ၀ဂ်၊ ဥဒါန်းပါဠိတော်။

ယောဂ= ယှဉ်စပ်ခြင်း၊ ထမ်းပိုး။
ယောဂ ၄-မျိုး...မှာ
၁။ ကာမယောဂ= တဏှာထမ်းပိုး။
၂။ ဘ၀ယောဂ= ဘ၀ထမ်းပိုး။
၃။ ဒိဋ္ဌိယောဂ= အယူထမ်းပိုး။
၎။ အ၀ိဇ္ဇာယောဂ= မသိမှုထမ်းပိုးဟူ၍ ၄-မျိုးရှိသည်။
အချို့သတ္တ၀ါတို့သည်...
ထိုထမ်းပိုးကို အမြဲတမ်း ပခုံးပေါ်၌ထမ်းလျက် လှည့်လည်နေရသည်။