နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, March 6, 2009

ဂဗ္ဘိနီသုတ်- (ကိုယ်ဝန်ဆောင်သူအမျိုးသမီး)

ဂဗ္ဘိနီသုတ်- (ကိုယ်ဝန်ဆောင်သူအမျိုးသမီး)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်...
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တစ်ယောက် သော ပရိဗိုဇ်၏ မယားဖြစ်သူ ပရိဗိုဇ်မငယ်သည် ကိုယ်ဝန်ရှိလျက် သားဖွားချိန် နီး၏။

ထိုအခါ ပရိဗိုဇ်မသည် ထိုပရိဗိုဇ်ယောက်ျားကို ''ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့'' ဟု ပြောဆို၏။ ဤသို့ ပြောဆို သော် ထိုပရိဗိုဇ်ယောက်ျားသည် ထိုပရိဗိုဇ်မကို ''ရှင်မ ငါသည် အဘယ်မှ ဆီကို ဆောင်ယူရအံ့နည်း''ဟုပြော၏။

နှစ်ကြိမ်မြောက်လည်း ထိုပရိဗိုဇ်မသည် ထိုပရိဗိုဇ် ယောက်ျားကို ''ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့'' ဟု ပြောဆို ၏။ နှစ်ကြိမ်မြောက်လည်း ထိုပရိဗိုဇ် ယောက်ျားသည် ထိုပရိဗိုဇ်မကို ''ရှင်မ ငါသည် အဘယ်မှ ဆီကို ဆောင်ယူရအံ့နည်း'' ဟု ပြောဆို၏။

သုံးကြိမ်မြောက်လည်း ထိုပရိဗိုဇ်မသည် ထိုပရိဗိုဇ်ယောက်ျားကို ''ပုဏ္ဏား သင် သွားချေပါလော့၊ ငါ သားဖွားရန်အတွက် ဆီကို ဆောင်ယူချေပါလော့'' ဟု ပြောဆို ၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ကျီကြဘဏ္ဍာတိုက်ဝယ် သမဏ အား လည်းကောင်း၊ ဗြာဟ္မဏအား လည်းကောင်း ထောပတ်နှင့် ဆီကို အလိုရှိ တိုင်း သောက်ခြင်းငှါ ပေးလှူ၏။ ဆောင်ယူခြင်းငှါကား မပေးလှူ။

ထိုအခါ ထိုပရိဗိုဇ်ယောက်ျားအား ''ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာတိုက် ဝယ် သမဏအား လည်းကောင်း၊ ဗြာဟ္မဏအား လည်းကောင်း ထောပတ်နှင့် ဆီကို အလိုရှိတိုင်း သောက်ခြင်းငှါ ပေးလှူ၏။ ဆောင်ယူခြင်းငှါကား မပေးလှူ၊ ငါသည် ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာတိုက်သို့ သွား၍ ဆီကို အလိုရှိ တိုင်းသောက်ကာ အိမ်သို့ပြန်ပြီးလျှင် ဤပရိဗိုဇ်မ သားဖွားရန်အတွက် ဆီကိုအန်၍ ပေးရပါမူ ကောင်းလေစွ'' ဟု အကြံဖြစ်၏။

ထို့နောက် ထိုပရိဗိုဇ်ယောက်ျားသည် ပသေနဒီကောသလမင်း၏ ကျီကြဘဏ္ဍာ တိုက်သို့ သွား၍ ဆီကို အလိုရှိတိုင်း သောက်ကာ အိမ်သို့ပြန်ပြီးလျှင် ဆီကို အန်ထုတ်ခြင်းငှါလည်း မစွမ်းနိုင်၊ (ဝမ်းလျှောကျစေခြင်းငှါလည်း) မစွမ်းနိုင်၊ ထို ပရိဗိုဇ် ယောက်ျားသည် ထက်မြက် ကြမ်းကြုတ် စပ်ရှားကုန်သော ဆင်းရဲဝေဒနာ တို့ဖြင့် တွေ့ထိသောကြောင့် ကိုယ်ကို ထိုမှ ဤမှ လူးလှိမ့်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ် သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရား သည် ထက်မြက် ကြမ်းကြုတ် ကုန်သော စပ်ရှားကုန်သော ဆင်းရဲ ဝေဒနာတို့ဖြင့် တွေ့ထိသည်ဖြစ်၍ ထိုမှ ဤမှ လူးလှိမ့်နေသော ထိုပရိဗိုဇ်ကို မြင်တော်မူ၏။

ထို့နောက် ...
မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌-

''ကြောင့်ကြမှု မရှိသူတို့သည် စင်စစ် ချမ်းသာကုန်၏။ အရိယာမဂ်ဉာဏ်သို့ ရောက် သူတို့သည် ကြောင့်ကြမှု မရှိကုန်။ ကြောင့်ကြမှု ရှိ၍ ပင်ပန်းခြင်းသို့ ရောက်သော သူကို ရှုလော့၊ သူတစ်ယောက်သည် သူတစ်ယောက်အပေါ်၌ တွယ်တာ စွဲလမ်း သည်ဖြစ်၍ ပင်ပန်း၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

၆ - ဂဗ္ဘိနီသုတ်၊ မုစလိန္ဒ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။