နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, March 5, 2009

အဘယ် အရာဝတ္ထုကို အလိုရှိသနည်းဟု...

မဟာသုဒဿန စကြဝတေးမင်း အကျင့်...

အကြင်အခါ ငါသည် ကုသဝတီမြို့၌ များမြတ်သော ဗိုလ်ပါ အင်အားရှိသည့် မဟာ သုဒဿနမည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

ထိုအခါ ငါသည် ထိုကုသဝတီမြို့ ထိုထိုအရပ်၌ တစ်နေ့သုံးကြိမ် ကြွေးကြော်စေ၏၊ အဘယ်သူသည် အဘယ် အရာဝတ္ထုကို အလိုရှိသနည်း၊ တောင့်တသနည်း။ အဘယ်သူအား အဘယ်ဥစ္စာကို ပေးစေချင် သနည်း။

အဘယ်သူသည် ဆာလောင်နေသနည်း။ အဘယ်သူသည် မွတ်သိပ်နေသနည်း။ အဘယ်သူသည် ပန်းကို အလိုရှိသနည်း။ အဘယ်သူသည် နံ့သာပျောင်းကို အလိုရှိသနည်း။ အဘယ်သူသည် အဝတ် အထည် မရှိ၍ အထူးထူး ဆိုးအပ်သော အဝတ်တို့ကို လိုသနည်း။

အဘယ်သူသည် လမ်းခရီး၌ ထီးကို ယူမည်နည်း။ အဘယ်သူသည် နူးညံ့လှပ သော ဖိနပ်တို့ကို ယူမည်နည်း။ ဤသို့ ညချမ်းအခါ၌ လည်းကောင်း၊ နံနက်အခါ၌ လည်းကောင်း ထိုထိုအရပ်၌ ကြွေးကြော်စေ၏။

ထိုပေးလှူဖွယ် ဥစ္စာကို ဆယ်ပါးသော အရပ်ဌာနတို့၌ လည်းကောင်း၊ အရပ်ဌာန တစ်ရာတို့၌ လည်းကောင်း စီရင်ထားအပ်သည် မဟုတ်သေး။ အရာမက များစွာသော အရပ် ဌာနတို့၌လည်း တောင်းသူတို့ ကို ရည်၍ ဥစ္စာကို စီရင်ထား၏။

နေ့အခါ၌လည်းကောင်း၊ သို့မဟုတ် ညဥ့်အခါ၌လည်းကောင်း အလှူခံဖုန်းတောင်း ယာစကာသည် အကယ်၍ လာငြားအံ့။ အလိုရှိတိုင်းသော ဥစ္စာကိုရ၍ ပြည့်သော လက် ရှိလျက်သာလျှင် သွားရ၏။

ငါသည် ဤသို့ သဘောရှိသော အလှူကြီးကို အသက်ရှိသမျှ ကာလပတ်လုံး ပေးလှူခဲ့၏၊ ငါသည် ဥစ္စာကို မနှစ်သက်၍ ပေးလှူသည်လည်း မဟုတ်၊ ငါ့ထံ၌ ဥစ္စာကို စုဆောင်းထားခြင်း မရှိသည်လည်း မဟုတ်။

ဥပမာအားဖြင့် ရောဂါဖြင့် နာကျင်သူမည်သည် ရောဂါမှ လွတ်မြောက်ခြင်းငှါ ဥစ္စာဖြင့် ဆေးဆရာကို ရောင့်ရဲစေလျက် ရောဂါမှ လွတ်မြောက်သကဲ့သို့-

ထို့အတူပင် (အလှူခံ၏ အလိုဆန္ဒကို) အကြွင်းမဲ့ ပြည့်စေရန် သိသော ငါသည် အလှူခံ ဖုန်းတောင်းယာစကာတို့၏ ယုတ်လျော့သော စိတ်(အလို)ကို ပြည့်စေ လျက် တွယ်တာကပ်ငြိမှု မရှိ, တောင့်တမှု မရှိဘဲ သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက် ခြင်းငှါသာ လှူဖွယ်ကို ပေးလှူ၏။

၎- မဟာသုဒဿနစကြဝတေးမင်းအကျင့်၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။