နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, March 23, 2009

ဂန္ဓတ္တေနသုတ်- (နံ့သာကိုခိုးသောသူ)

ဂန္ဓတ္တေနသုတ်- (နံ့သာကိုခိုးသောသူ)

အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ ထို ရဟန်းသည် ဆွမ်စားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ သည်ရှိသော် ရေကန်သို့ သက်ဆင်း၍ ပဒုမ္မာကြာကိုနမ်း၏၊ ထိုအခါ ထို တောအုပ်၌ စိုးအုပ်၍နေသော နတ်သည် ထိုရဟန်းအား အစဉ်သနားခြင်း ရှိသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းကို ထိတ်လန့် စေလိုရကား ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက် ထား၏-

''အချင်း သင်သည်အရှင်မပေးအပ်သော ကြာပန်းကိုနမ်းဘိ၏၊ ထိုနမ်းခြင်း သည် ခိုးခြင်းတို့တွင် အင်္ဂါတစ်ပါးတည်း၊ အချင်း သင်သည် အနံ့သူခိုး ဖြစ်၏'' ဟု လျှောက်၏။

''နတ်သား ငါသည် ပဒုမ္မာကြာကို ယူလည်း မယူ၊ ချိုးလည်း မချိုး၊ အဝေး မှကား နမ်းမိ၏၊ သို့ဖြစ်လျက် အဘယ်အကြောင်းကြောင့် ငါ့ကို အနံ့သူခိုး ဟူ၍ ဆိုအပ်သနည်း။ အကြင်သူသည် ကြာစွယ်တို့ကို တူး၏၊ ကြာဖြူပွင့် တို့ကို ချိုးဖဲ့ဖျက်ဆီး၏၊ မစင်ကြယ်သော အကျင့်ရှိသော ထို သူကိုမူကား ကြာသူခိုးဟူ၍ အဘယ့်ကြောင့် မဆိုအပ်သနည်း'' ဟု ပြန်ပြော၏။

ယောက်ျားသည် မကောင်းမှု အမျိုးမျိုးဖြင့် ပြွမ်း၍ နေ၏၊
'နို့ထိန်းသည် မိန်းမ၏ အဝတ်ကဲ့သို့'
အညစ်အကြေးတို့ဖြင့် အလိမ်းလိမ်း ကပ်နေ၏၊
ထိုသူ၌ ငါ့အား ဆိုဖွယ်စကား မရှိ၊
သင့်ကိုသာလျှင် ဆိုထိုက်၏။

ကိလေသာ မရှိသော အမြဲ စင်ကြယ်ခြင်းကို ရှာမှီးလေ့ရှိသော ယောက်ျား အား သားမြီးဖျားမျှလောက်ရှိသော မကောင်းမှုသည် 'တိမ်တိုက်ကဲ့သို့' ထင်၏'' ဟု (လျှောက်၏)။

''တောစောင့်နတ် စင်စစ် သင်သည် ငါ့ကို (စင်ကြယ်၏ဟု) သိပေ၏၊ သင် သည် ငါ့ကို အစဉ်သနား စောင့်ရှောက်ပေ၏။ အကြင်အခါ ဤသို့သဘော ရှိသော အမှုကို သင်မြင်၏၊ ထိုအခါ၌လည်း နောက်ထပ် ဆိုလှည့်ပါလော့'' ဟု (ဆို၏)။


ရဟန်း ငါတို့သည် သင့်ကို မှီ၍ အသက်မမွေးကုန်၊
သင်၏ အခစား မဟုတ်ကုန်။
အကြင် အမှုဖြင့် သုဂတိဘုံသို့ ရောက်ရာ၏၊
ထိုအမှုကို သင်သည်သာလျှင် သိလေလော့ ဟု လျှောက်၏။


ထိုအခါ ထိုရဟန်းသည် ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့် ခြင်းသို့ ရောက်၏။

၁၄ - ဂန္ဓတ္တေနသုတ်၊ ၀နသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။