နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, March 2, 2009

သန္တုဋ္ဌိသုတ် - (ရောင့်ရဲလွယ်ခြင်း)

သန္တုဋ္ဌိသုတ် - (ရောင့်ရဲလွယ်ခြင်း)

ရဟန်းတို့ ...
တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့ တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။

အဘယ်လေးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ...

သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို သင်္ကန်းသည် အပြစ်လည်းမရှိ။

ရဟန်းတို့ ...
စားဖွယ်တို့တွင် ဆွမ်းခံလှည့်လည်၍ ရအပ်သောဆွမ်းသည် တာဝန်လည်း နည်း ၏၊ ရလည်း ရလွယ်၏၊ ထို ဆွမ်းသည် အပြစ်လည်း မရှိ။

ရဟန်းတို့ ...
ကျောင်းတို့တွင် သစ်ပင်ရင်းဟူသောကျောင်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ကျောင်းသည် အပြစ်လည်း မရှိ။

ရဟန်းတို့ ...
ဆေးတို့တွင် နွားကျင်ငယ်ပုပ်တည်းဟူသော ဆေးသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထိုဆေးသည် အပြစ်လည်း မရှိ။

ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤ လေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။

ရဟန်းတို့ ရဟန်းသည် တာဝန်နည်း၍ ရလွယ်သော ပစ္စည်းဖြင့် ရောင့်ရဲ၏၊ ဤသို့ ရောင့်ရဲခြင်းကို ''ရဟန်း၏ ရဟန်းအဖြစ်'' ဟူသော အင်္ဂါ တစ်ပါးဟု ငါဆို၏ ဟု (မိန့်တော်မူ၏)။ တာဝန်လည်းနည်း ရလည်း ရလွယ် အပြစ်လည်း မရှိသော ပစ္စည်းဖြင့် ရောင့်ရဲသော ရဟန်းအား ကျောင်းကိုလည်းကောင်း၊ သင်္ကန်းကိုလည်း ကောင်း၊ သောက်ဖွယ်စားဖွယ်ကိုလည်းကောင်း အကြောင်းပြု၍ စိတ်၏ ပင်ပန်း ခြင်း ကင်း၏။ အရပ်မျက်နှာကိုလည်း မထိခိုက်။ ရဟန်းတရားအား လျော်သော အကြင် တရားတို့ကို ထို မြတ်စွာဘုရားသည် ဟောတော်မူ၏။

မမေ့မလျော့သော သတိရှိသည် ဖြစ်၍ကျင့်သော၊ နှစ်သက်သော စိတ်ရှိသော ရဟန်းသည် (ထိုတရားတို့ကို) သိမ်းဆည်း၍ ယူအပ်လေ သတည်း။

၇ - သန္တုဋ္ဌိသုတ်၊ ဥရုဝေလ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။