နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, January 5, 2009

ဝဿကာရသုတ်- တိုင်းပြည် မဆုတ်ယုတ်စေရန်

ဝဿကာရသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်...

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်--ပုံ--၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတ သတ်မင်း သည် ဝဇ္ဇီမင်း တို့ကို နှိမ်နင်းရန် သွားလိုသည် ဖြစ်၍ ဤသို့ ထုတ်ဖော် ပြောဆိုလျက်ရှိ၏။

''ငါသည် ဤသို့ တန်ခိုးအာနုဘော် ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်စေအံ့'' ဟု (ပြောဆိုလျက်ရှိ၏)။

ထိုအခါ ဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားကို ခေါ်၍-

''ပုဏ္ဏား လာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ၏ စကားဖြင့် မြတ်စွာ ဘုရား၏ ခြေတော်တို့ကို ဦးခိုက်ရှိခိုးလော့၊ အနာကင်းကြောင်း ရောဂါ ကင်းကြောင်း၊ ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလေလော့၊

'အသျှင်ဘုရား ဝေဒေဟီမိဖုရား၏သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်း သည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက် ရှိခိုးလိုက်ပါ၏၊ အနာကင်းကြောင်း၊ ရောဂါကင်းကြောင်း၊ ကျန်းမာ ကြောင်း၊ သန်စွမ်းကြောင်း၊ ချမ်းသာစွာ နေရ ကြောင်းများကို မေးလိုက်ပါ၏' ဟု လျှောက်လေလော့၊

ထို့ပြင် 'အသျှင်ဘုရား ဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတ သတ်မင်းသည် ဝဇ္ဇီမင်းတို့ကို နှိမ်နင်းရန် သွားလိုသည် ဖြစ်၍ ဤသို့ ထုတ်ဖော် ပြောဆိုလျက် ရှိပါ၏၊ ဤသို့ တန်ခိုးအာနုဘော် ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်စေအံ့ ဟု (ပြောဆိုလျက် ရှိပါ၏)'ဟူ၍လည်း လျှောက်ထားလေလော့၊

မြတ်စွာဘုရား မိန့်ကြားတော်မူသည့်အတိုင်း ကောင်းစွာ မှတ်သား၍ ငါ့အား ပြန်ကြားလော့၊ မြတ်စွာဘုရားတို့မည်သည် ချွတ်ယွင်းသော စကားကို မိန့်ကြား တော် မမူကုန်'' ဟု မိန့်ဆို၏။

''ကောင်းပါပြီ အရှင်'' ဟု အဇာတသတ်မင်းအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

''အသျှင်ဂေါတမ ဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ် မင်းသည် အသျှင်ဂေါတမ၏ ခြေတော်တို့ကို ဦးခိုက် ရှိခိုးလိုက်ပါ၏၊
အနာကင်းကြောင်း ။ပ။ (လျှောက်၏)။

ထိုစဉ်အခါ၌ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို ယပ်ခပ်လျက် မြတ်စွာဘုရား ၏ နောက်၌ တည်ရှိနေ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို-

၁...
''အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မပြတ် စည်းဝေးကြကုန်၏လော၊ အကြိမ်များစွာ စည်းဝေးကြ ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း'' ဟု မေးတော်မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် မပြတ် စည်းဝေးကြပါကုန်၏၊ အကြိမ်များစွာ စည်းဝေးကြပါ ကုန်၏'' ဟု အကျွန်ုပ် ကြားရပါ၏ ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မပြတ် စည်းဝေးနေကြ အကြိမ်များစွာ စည်းဝေးနေကြ သမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၂...
အာနန္ဒာ ''ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၏လော၊ အညီအညွတ် အစည်း အဝေးမှ ထကုန်၏လော၊ ဝဇ္ဇီတိုင်းရေး ကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ကုန်၏လော၊ သင် အဘယ်သို့ ကြားရ သနည်း'' ဟု မေးတော်မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးပါကုန်၏၊ အညီအညွတ် အစည်း အဝေးမှ ထပါကုန်၏၊ ဝဇ္ဇီတိုင်းရေး ကိစ္စတို့ကို အညီအညွတ် ဆောင်ရွက် ပါကုန်၏'' ဟု အကျွန်ုပ် ကြားရပါ၏ ဟု(လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၊ အညီအညွတ် အစည်း အဝေးမှ ထကုန်လျက် ဝဇ္ဇီတိုင်းရေး ကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်နေကြ သမျှ ကာလပတ်လုံး ဝဇ္ဇီမင်း တို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၃...
အာနန္ဒာ ''ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ဘဲ ရှိကုန်၏လော၊ ပညတ် ပြီးသော အရာကို မပယ်ဖျက်ကြ ကုန်ဘဲ ရှိကုန်၏လော၊ ပညတ်ထားသမျှ သော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ၍ ကျင့်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း'' ဟု မေးတော် မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ပါကုန်၊ ပညတ် ပြီးသော အရာကို မပယ်ဖျက်ပါကုန်၊ ပညတ်ထား သမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ၍ ကျင့်ပါကုန်၏ဟု အကျွန်ုပ် ကြားရပါ၏ ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ကုန်မူ၍ ပညတ်ပြီး သော အရာကို မပယ်ဖျက်ကြကုန်ဘဲ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီ ကျင့်ထုံးတို့ကို လိုက်နာ၍ ကျင့်နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိ ပေ။


၎...
အာနန္ဒာ ''ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေ ပြုကုန်၏ လော၊ အလေး ပြုကုန်၏လော၊ မြတ်နိုးကုန်၏လော၊ ပူဇော်ကုန်၏လော၊ ထို အသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည် ဟု မှတ်ထင်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း'' ဟု မေးတော်မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေ ပြုပါ ကုန်၏၊ အလေးပြုပါကုန်၏၊ မြတ်နိုးပါကုန်၏၊ ပူဇော်ပါကုန်၏၊ ထိုအသက်ကြီး သူတို့၏ စကားကိုလည်း နာယူသင့်သည်ဟူ၍ ထင်ပါကုန်၏'' ဟု အကျွန်ုပ် ကြားရ ပါ၏ ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေ ပြုကုန် အလေးပြုကုန် မြတ်နိုးကုန် ပူဇော်ကုန်လျက် ထိုအသက်ကြီးသူတို့၏ စကားကို လည်း နာယူသင့်သည် ဟု ထင်မှတ်၍ နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် ကား မရှိပေ။

၅...
အာနန္ဒာ ''ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင် အထက် မသိမ်းပိုက်ဘဲ ရှိကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း'' ဟု မေးတော်မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲ ငင်၍ အနိုင်အထက် မသိမ်းပိုက်ပါကုန်''ဟု အကျွန်ုပ် ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင် အထက် မသိမ်းပိုက်ကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ် ရန်ကား မရှိပေ။

၆...
အာနန္ဒာ ''ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း 'စေတီ' တို့ကို အရိုအသေ ပြုကုန်၏လော၊ အလေး ပြုကုန်၏လော၊ မြတ်နိုးကုန်၏လော၊ ပူဇော် ကုန်၏လော၊ ထိုနတ်ကွန်းတို့အားလည်း ရှေးက ပေးလှူမြဲ ပြုမြဲဖြစ်သော တရား နှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေဘဲရှိကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း'' ဟု မေးတော်မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း 'စေတီ' တို့ကို အရိုအသေ ပြုပါကုန်၏၊ အလေးပြုပါကုန်၏၊ မြတ်နိုးပါကုန်၏၊ ပူဇော်ပါ ကုန် ၏၊ ထိုနတ်ကွန်းတို့အားလည်း ရှေးက ပေးလှူမြဲ ပြုမြဲဖြစ်သော တရားနှင့်လျော် သော ဗလိနတ်စာကို မဆုတ်ယုတ် စေပါကုန်'' ဟု အကျွန်ုပ် ကြားရပါ၏ ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း 'စေတီ' တို့ကို အရိုအသေပြုကုန် အလေးပြုကုန် မြတ်နိုးကုန် ပူဇော်ကုန်လျက် ထိုနတ်ကွန်းတို့ အားလည်း ရှေးက ပေးလှူမြဲ ပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်ကြစေသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၇...
အာနန္ဒာ ''အဘယ်သို့လျှင် ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာပါကုန် အံ့နည်း၊ ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရပါကုန် အံ့နည်း'' ဟု၊ ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့၌ တရားနှင့်အညီ စောင့်ရှောက် ကာကွယ်လျက် လုံခြုံ စေမှုကို ကောင်းစွာ စီမံပေးကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း'' ဟု (မေးတော်မူ၏)။

အသျှင်ဘုရား ''အဘယ်သို့လျှင် ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာပါကုန် အံ့နည်း၊ ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရပါကုန် အံ့နည်း'' ဟု ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့၌ တရားနှင့်အညီ စောင့်ရှောက် ကာကွယ်ကြကုန်ပါ၏၊ လုံခြုံမှုကို ကောင်းစွာ စီမံပေးကြပါကုန်၏ ဟု အကျွန်ုပ် ကြားရပါ၏ ဟု (လျှောက်၏)။

အာနန္ဒာ ''အဘယ်သို့လျှင် ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာပါကုန် အံ့နည်း၊ ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရပါကုန်အံ့ နည်း'' ဟု ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့၌ တရားနှင့်အညီ စောင့်ရှောက် ကာကွယ်လျက် လုံခြုံမှုကို ကောင်းစွာ စီမံပေးနေကြသမျှ ကာလ ပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ် ရန်ကား မရှိပေ ဟု (မိန့်တော်မူ၏)။


ထိုအခါ၌ မြတ်စွာဘုရားသည် ...
မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားအား-

''ပုဏ္ဏား အခါတစ်ပါး၌ ငါသည် ဝေသာလီပြည် သာရန္ဒဒစေတီ၌ နေ၏၊ ပုဏ္ဏား ထိုအခါ ငါသည် ဝဇ္ဇီမင်းတို့အား ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရား ခုနစ်ပါးတို့ကို ဟောခဲ့၏။
ပုဏ္ဏား ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ဝဇ္ဇီမင်း တို့၌ တည်၍ ဝဇ္ဇီမင်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း တရားခုနစ်ပါးတို့ကို ကောင်းစွာ ကျင့်သုံး နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ'' ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ မဆုတ်ယုတ်ကြောင်းတရား တစ်ပါးပါးနှင့် ပြည့်စုံလျှင်ပင် ဝဇ္ဇီမင်း တို့အား ကြီးပွါးရန်သာ ရှိပါ၏၊ ဆုတ်ယုတ်ရန်ကား မရှိပါ၊ မဆုတ်ယုတ်ကြောင်း တရားခုနစ်ပါးလုံးတို့နှင့် ပြည့်စုံပါမူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။

အသျှင်ဂေါတမ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဖြားယောင်းမှုကို ဖြစ်စေ အချင်းချင်း စိတ်ဝမ်းကွဲမှုကို ဖြစ်စေ မပြုမူ၍ စစ်ထိုး ကာမျှဖြင့် ဝဇ္ဇီတိုင်းကို သိမ်းပိုက်နိုင်ဖွယ် မရှိပါ။

အသျှင်ဂေါတမ ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊
အကျွန်ုပ်တို့သည် များသော ကိစ္စ များသော ပြုဖွယ် ရှိပါကုန်၏ ဟု (လျှောက်၏)။
ပုဏ္ဏား ယခုအခါ၌ သွားရန် အချိန်ကို သင်သိ၏၊ (သွားရန်မှာ သင်၏ အလိုအတိုင်း ပင် ဖြစ်၏) ဟု (မိန့်တော်မူ၏)။

ထိုအခါ မဂဓတိုင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် မြတ်စွာဘုရား ၏ စကားကို အလွန်နှစ်သက်စွာ ခံယူ၍ ဝမ်းမြောက်စွာ ချီးကျူးပြီးလျှင် နေရာမှ ထကာ ပြန်သွား လေ၏။

၂ - ဝဿကာရသုတ်၊ ဝဇ္ဇိသတ္တကဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။