နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, January 2, 2009

ဂဟဋ္ဌဝန္ဒနာသုတ်- သီလရှိသူကို ရှိခိုးခြင်း



ဂဟဋ္ဌဝန္ဒနာသုတ်- (ဂဟဋ္ဌ= အိမ်ရာတည်ထောင်သူ + ဝန္ဒနာ= ရှိခိုးခြင်း)

ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် အကူအညီဖြစ် သော မာတလိနတ်သားအား ''အချင်းမာတလိ အာဇာနည်မြင်းတစ်ထောင်က သော ရထားကို ပြင်လော့၊ မြေကောင်းရာအရပ်ကို ကြည့်ရှုခြင်းငှါ ဥယျာဉ် မြေသို့ သွားကုန်အံ့'' ဟု ဆို၏၊ ''အရှင်သိကြားမင်း ကောင်းပါပြီ'' ဟု မာတလိနတ်သား သည် နတ်တို့အရှင် သိကြားမင်းအား ဝန်ခံ၍ အာဇာနည်မြင်းတစ်ထောင်ကသော ရထားကို ပြင်ဆင်ပြီးလျှင် နတ်တို့အရှင် သိကြားမင်းအား လျှောက်၏-

''အရှင်သိကြားမင်း အရှင်၏ အာဇာနည်မြင်းတစ်ထောင် ကသော ရထားကို ပြင်ဆင် ပြီးပါပြီ၊ သွားရန်အချိန်ကို အရှင်သိကြားမင်း သိပါ၏၊
(သွားရန်မှာ အရှင်သိကြားမင်း အလိုအတိုင်း ဖြစ်ပါသည်)'' ဟု ဆို၏၊

ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည် ဝေဇယန္တာပြာသာဒ်မှ ဆင်းသက်သည် ရှိသော် လက်အုပ်ချီ၍ အရပ်လေးမျက်နှာတို့ကို ရှိခိုး၏၊ ရဟန်းတို့ ထိုအခါ၌ အကူ အညီဖြစ်သော မာတလိသည် နတ်တို့အရှင် သိကြားမင်းကို ဂါထာဖြင့် ရွတ်ဆို၏-

''သိကြားမင်း ဗေဒင်သုံးပုံတတ်သူ ဗြာဟ္မဏတို့သည်လည်းကောင်း၊ မြေ၌နေသူ တို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ နတ်မင်းကြီးလေးယောက် တို့သည် လည်းကောင်း၊ များသော အခြံအရံရှိသော တာဝတိံသာနတ်တို့သည် လည်းကောင်း အရှင်သိကြားမင်းကို ရှိခိုးကုန်၏။ သိကြားမင်း ထိုသို့ ဖြစ်ပါလျက် အရှင်သိကြားမင်း ရှိခိုးသော နတ်မင်းကြီးသည်ကား အဘယ်မည်သော နတ်မင်းပါ နည်း'' ဟု (ရွတ်ဆို၏)။

''မာတလိ ဗေဒင်သုံးပုံတတ်သူ ဗြာဟ္မဏတို့သည် လည်းကောင်း၊ မြေ၌နေသူ အားလုံးတို့သည် လည်းကောင်း၊ မင်းတို့သည် လည်းကောင်း၊ နတ်မင်းကြီးလေး ယောက်တို့သည် လည်းကောင်း၊ များသော အခြံအရံ ရှိကုန်သော တာဝတိံသာ နတ်တို့သည် လည်းကောင်း ငါ့ကို ရှိခိုးကြကုန်၏။

ငါသည်ကား သီလနှင့် ပြည့်စုံကုန်သော၊ ရှည်စွာသော ညဥ့်တို့ပတ်လုံး တည်ကြည် ခြင်းရှိကုန်သော၊ မြတ်သောအကျင့်လျှင် လဲလျောင်းရာရှိကုန်သော ရဟန်းတော် တို့ကို ကောင်းစွာ ရှိခိုး၏။

မာတလိ အကြင်သူတို့သည် အိမ်၌ တည်ကုန်၍ ကောင်းမှုကို ပြုကုန်၏၊ သီလရှိ ကုန်၏၊ ရတနာသုံးပါးကို ဆည်းကပ်ကုန်၏၊ တရားနှင့်အညီ သားမယားကို မွေးမြူ ကုန်၏၊ ထိုသူတို့ကို (ငါသည်) ရှိခိုး၏'' ဟု (မိန့်ဆို၏)။

''သိကြားမင်း အရှင်သိကြားမင်းသည် အကြင်သူတို့ကို ရှိခိုး၏၊ ထိုသူတို့သည် လောက၌ မြတ်ကုန်သတတ်။ သိကြားမင်း(အရှင်သိကြားမင်းသည်) အကြင်သူတို့ ကို ရှိခိုး၏၊ ထိုအရှင်သိကြားမင်း ရှိခိုးသူတို့ကို အကျွန်ုပ်သည်လည်း ရှိခိုးပါ၏'' ဟု ပြောဆို၏။

''မဃလုလင် ဖြစ်ဖူးသော၊ သုဇာ၏ ခင်ပွန်းဖြစ်သော၊ အကြီးအမှူးဖြစ်သော သိကြားမင်းသည် ဤစကားကို ဆိုပြီး၍ အရပ်လေးမျက်နှာတို့ကို ရှိခိုးပြီးလျှင် ရထားထက်သို့ တက်စီးလေ၏''။

၈ - ဂဟဋ္ဌဝန္ဒနာသုတ်၊ ဒုတိယဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။