နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, January 17, 2009

ရဲရဲညိသော သံတွေခဲ ဥပမာ-

ပါယာသိသုတ် (အပိုင်း-၁၀)

ရဲရဲညိသော သံတွေခဲ ဥပမာ-

မြို့စား သို့ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊ ဤလောက၌ အချို့သော ပညာရှိ ယောက်ျားတို့သည် ဥပမာဖြင့် လိုအပ်သော စကားတို့၏ အဓိပ္ပါယ်ကို သိကုန်၏။

မြို့စား ဥပမာအားဖြင့် ယောက်ျားတစ်ယောက်သည် တစ်နေ့ပတ်လုံး ပူလောင် သော ရဲရဲညိသော ပြောင်ပြောင်တောက်သော အလျှံနှင့်တကွဖြစ်သော သံတွေခဲ ကို စဉ်းချိန်ဖြင့် ချိန်စက်ရာ၏။ နောင်အခါ အေးပြီးသော အခိုး ငြိမ်းပြီးသော ထိုသံတွေခဲကို စဉ်းချိန်ဖြင့် တစ်ဖန် ချိန်စက်ပြန်ရာ၏။ အဘယ်အခါမှာ ထို သံတွေခဲသည် ပိုမို၍ ပေါ့လည်း ပေါ့သနည်း၊ ပိုမို၍ ပျော့ပျောင်းလည်း ပျော့ပျောင်း သနည်း၊ ပိုမို၍အပြုအပြင်လည်း ခံသနည်း၊ ရဲရဲညိသော ပြောင်ပြောင် တောက်သော အလျှံနှင့် တကွဖြစ်သော အခါလော၊ (သို့မဟုတ်) အေးပြီးသော အခိုး ငြိမ်းပြီးသော အခါလော ဟု (မေး၏)။

အသျှင်ကဿပ ထိုသံတွေခဲသည် အပူဓာတ် လေဓာတ်နှင့် ပေါင်းဆုံမိ၍ ရဲရဲညိ သော ပြောင်ပြောင်တောက်သော အလျှံနှင့်တကွဖြစ်သောအခါ ပိုမို၍ ပေါ့လည်း ပေါ့၏၊ ပိုမို၍ ပျော့ပျောင်းလည်း ပျော့ပျောင်း၏၊ ပိုမို၍ အပြုအပြင်လည်း ခံ၏၊ ထိုသံတွေခဲသည် အပူဓာတ် လေဓာတ် ကင်းကွာ၍ အေးသော အခိုး ငြိမ်းသော အခါ၌ကား ပိုမို၍ လေးလည်းလေး၏၊ ပိုမို၍ ခက်မာလည်း ခက်မာ၏၊ ပိုမို၍ အပြု အပြင်လည်း မခံပါဟု (လျှောက်၏)။

မြို့စား ဤအတူပင် ဤကိုယ်သည် အသက် + ကိုယ်ငွေ့ + ဝိညာဉ်တို့နှင့် ပေါင်း ဆုံမိသောအခါ ပိုမို၍ ပေါ့လည်ပေါ့၏၊ ပိုမို၍ ပျော့ပျောင်းလည်း ပျော့ပျောင်း၏၊ ပိုမို၍ အပြုအပြင်လည်း ခံ၏၊ ဤကိုယ်သည် အသက်, ကိုယ်ငွေ့, ဝိညာဉ်တို့နှင့် ကင်းကွာသော အခါ၌ကား ပိုမို၍ လေးလည်း လေး၏၊ ပိုမို၍ ခက်မာလည်း ခက်မာ၏၊ ပိုမို၍ အပြုအပြင်လည်း မခံ။

မြို့စား ဤအကြောင်းဖြင့်လည်း သင်၏ အယူသည် ဤသို့ ဖြစ်ပါလော့-

''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုး ဝိပါက်သည် ရှိ၏''ဟု (ဖြစ်ပါလော့ဟု မိန့်ဆို၏)။

အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း
ဤအရာ၌ အကျွန်ုပ်၏ အယူသည် ဤသို့ပင် ဖြစ်ပါ၏-

''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ'' ဟု (ဖြစ်ပါ၏ ဟု လျှောက်၏)။

မြို့စား သင်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိသေးသလော။ပ။
အသျှင်ကဿပ အကျွန်ုပ်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိပါသေး၏။ပ။
မြို့စား (ထိုအကြောင်းကား) အဘယ်နည်းဟု (မေး၏)။

အသျှင်ကဿပ ဤလောက၌ အကျွန်ုပ်၏ မင်းချင်းယောက်ျားတို့သည် အပြစ် ကျူးလွန်သော ခိုးသူကို ဖမ်း၍ ပြပါကုန်၏- ''အရှင် ဤသူသည် အပြစ်ကို ကျူးလွန်သော အရှင်၏ (စိုးအုပ်ရာနယ်မြေမှ) ခိုးသူပါတည်း၊ ဤ (ခိုးသူ) အား ပေးလိုရာ အပြစ်ဒဏ်ကို ပေးတော်မူပါလော့'' ဟု (ပြပါကုန်၏)။

ထိုမင်းချင်းယောက်ျားတို့ကို အကျွန်ုပ်သည် ဤသို့ ဆိုပါ၏-
''အချင်းတို့ သို့ဖြစ်လျှင် ဤယောက်ျားကို အရေပါး အရေထူ အသား အကြော အရိုး ရိုးတွင်း ချဉ်ဆီကို မပျက်စီးစေမူ၍ ဇီဝိတိနြေ္ဒမှ ချကုန်လော့၊ ထိုသူ၏ အသက်ထွက်သည်ကို မြင်ကောင်း မြင်ရာ၏'' ဟု (ဆိုပါ၏)။

ထိုသူတို့သည် ''ကောင်းပါပြီ'' ဟု အကျွန်ုပ်အား ဝန်ခံ၍ ထို (ခိုးသူ) ယောက်ျားကို အရေပါးကို မပျက်စီးစေမူ၍။ပ။ ဇီဝိတိနြေ္ဒမှ ချပါကုန်၏။ ထိုခိုးသူသည် သေတော့ မည့် ဆဲဆဲဖြစ်သောအခါ မင်းချင်းယောက်ျားတို့ကို အကျွန်ုပ်သည် ဤသို့ဆိုပါ၏- ''အချင်းတို့ သို့ဖြစ်လျှင် ဤ (ခိုးသူ) ယောက်ျားကို ပက်လက်ချထားကြ ကုန်လော့၊ ထိုသူ၏ အသက်ထွက်သည်ကို မြင်ကောင်း မြင်ရာ၏'' ဟု (ဆိုပါ၏)။

ထို (မင်းချင်းယောက်ျား) တို့သည် ထိုယောက်ျားကို ပက်လက် ချထားကြပါ ကုန်၏။ အကျွန်ုပ်တို့သည် ထိုသူ၏ အသက်ထွက်သည်ကို မမြင်ကြရပါကုန်၊ (ထိုအခါ) အကျွန်ုပ်သည် ထို (မင်းချင်းယောက်ျား) တို့အား ဤသို့ဆိုပါ၏-

''အချင်းတို့ သို့ဖြစ်လျှင် ဤ (ခိုးသူ) ယောက်ျားကို မှောက်ခုံချထားကုန်လော့၊ တစ်ဖက်သို့ စောင်း၍ချထား ကုန်လော့၊ အခြားတစ်ဖက်သို့ စောင်း၍ ချထားကုန် လော့၊ မတ်ရပ်ထောင်၍ ထားကုန်လော့၊ ဦးစောက်ပြောင်းပြန် ထားကုန်လော့၊ လက်ဖြင့် ပုတ်ကုန်လော့၊ ခဲဖြင့် ထုကုန်လော့၊ တုတ်ဖြင့် ရိုက်ကုန်လော့၊ ဓားဖြင့် ခုတ်ကုန်လော့၊ ဤမှာဘက်မှ (ပုတ်ခြင်း ထုခြင်းစသည်ကို) ပြုကုန်လော့၊ ထိုမှာ ဘက်မှ (ပုတ်ခြင်း ထုခြင်း စသည်ကို) ပြုကုန်လော့၊ ဤဘက် ထိုဘက် အပြန်ပြန် အလှန်လှန် (ပုတ်ခြင်း ထုခြင်းစသည်ကို) ပြုကုန်လော့၊ ငါတို့သည် ထိုသူ၏ အသက်ထွက်သည်ကို မြင်ရကောင်း မြင်ရကုန်ရာ၏'' ဟု (ဆိုပါ၏)။

ထို (မင်းချင်းယောက်ျား) တို့သည် ထို (ခိုးသူ) ယောက်ျားကို ဤမှာဘက်မှ (ပုတ်ခြင်း ထုခြင်း စသည်ကို) ပြုပါကုန်၏၊ ထိုမှာဘက်မှ (ပုတ်ခြင်း ထုခြင်းစသည် ကို) ပြုပါကုန်၏၊ ဤဘက် ထိုဘက် အပြန်ပြန် အလှန်လှန် (ပုတ်ခြင်း ထုခြင်းစ သည်ကို) ပြုပါကုန်၏၊ အကျွန်ုပ်တို့သည် ထိုသူ၏ အသက်ထွက်သည်ကို မမြင် ကြရပါကုန်၊ ထိုသူအား ထိုမျက်စိ ထိုရူပါရုံတို့ပင် ရှိလျက် ဖြစ်ပါကုန်၏၊

သို့ရာတွင် ထိုမျက်စိဖြင့်ရူပါရုံကို မခံစားပါ။
ထိုနား ထိုသဒ္ဒါရုံတို့ပင် ရှိလျက် ဖြစ်ပါကုန်၏၊
သို့ရာတွင် ထိုနားဖြင့် သဒ္ဒါရုံကို မခံစားပါ။
ထိုနှာခေါင်း ထိုဂန္ဓာရုံတို့ပင် ရှိလျက် ဖြစ်ပါကုန်၏၊
သို့ရာတွင် ထိုနှာခေါင်းဖြင့် ဂန္ဓာရုံကို မခံစားပါ။
ထိုလျှာ ထိုရသာရုံတို့ပင် ရှိလျက် ဖြစ်ပါကုန်၏၊
သို့ရာတွင် ထိုလျှာဖြင့် ရသာရုံကို မခံစားပါ။
ထိုကိုယ် ထိုဖောဋ္ဌဗ္ဗာရုံတို့ပင် ရှိလျက် ဖြစ်ပါကုန်၏။
သို့ရာတွင် ထိုကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို မခံစားပါ။
အသျှင်ကဿပ ယင်း (ဆိုခဲ့သည့် ပုံသက်သေ) အကြောင်းအားဖြင့် အကျွန်ုပ်၏ အယူသည် ဤသို့ ဖြစ်ပါ၏-

''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုး ဝိပါက်သည် မရှိ'' ဟု (ဖြစ်ပါ၏)။

ဤ (ဆိုခဲ့သည့် ပုံသက်သေ) သည်လည်း
(အကျွန်ုပ်၏ အယူဖြစ်ခြင်း) အကြောင်းပါတည်း ဟု (လျှောက်၏)။

ပါယာသိသုတ်၊ မဟာဝဂ်ပါဠိတော်၊ ဒီဃနိကာယ်။

ဆက်မည်- ခရုသင်းမှုတ်သော ယောက်ျား ဥပမာ --->