နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, January 9, 2009

ဒက္ခိဏသုတ်- (လိမ္မာသည်)

ဒက္ခိဏသုတ်- (လိမ္မာသည်)

ရဟန်းတို့ ...
အလှူ၏ စင်ကြယ်ကြောင်းတို့သည် ဤလေးမျိုးတို့တည်း၊

အဘယ်လေးမျိုးတို့နည်း ဟူမူ-

၁...
ရဟန်းတို့ ...
အလှူပေးပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍
အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သော အလှူမျိုးသည် ရှိ၏။

၂...
ရဟန်းတို့ ...
အလှူခံပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍
အလှူပေးပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သော အလှူမျိုးသည် ရှိ၏။

၃...
ရဟန်းတို့ ...
အလှူပေး ပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ်
အလှူခံ ပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ်သော အလှူမျိုးသည် ရှိ၏။

၎...
ရဟန်းတို့ ...
အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်
အလှူခံပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်သော အလှူမျိုးသည် ရှိ၏။

၁...
ရဟန်းတို့ အဘယ်သို့လျှင် အလှူသည် အလှူပေးပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သနည်း၊ ရဟန်းတို့ ဤလောက၌ အလှူပေးသူ သည် သီလရှိ၏၊ ကောင်းသောသဘော ရှိ၏၊ အလှူခံ ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်မာသော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် အလှူသည် အလှူပေး ပုဂ္ဂိုလ် ကြောင့်သာ စင်ကြယ်၍ အလှူခံ ပုဂ္ဂိုလ်ကြောင့် မစင်ကြယ်။

၂...
ရဟန်းတို့ အဘယ်သို့လျှင် အလှူသည် အလှူခံပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူပေးပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သနည်း၊ ရဟန်းတို့ ဤလောက၌ အလှူပေး ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်မာသော သဘော ရှိ၏၊ အလှူခံပုဂ္ဂိုလ်သည် သီလ ရှိ၏၊ ကောင်းသော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် အလှူသည် အလှူခံ ပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူပေးပုဂ္ဂိုလ်ကြောင့် မစင်ကြယ်။

၃...
ရဟန်းတို့ အဘယ်သို့လျှင် အလှူသည် အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ် အလှူခံ ပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ်သနည်း၊ ရဟန်းတို့ ဤလောက၌ အလှူ ပေးပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ အလှူခံပုဂ္ဂိုလ်သည်လည်း သီလမရှိ၊ ယုတ်မာသော သဘော ရှိ၏။ ရဟန်းတို့ ဤသို့လျှင် အလှူသည် အလှူ ပေးပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ် အလှူခံပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ်။

၎...
ရဟန်းတို့ အဘယ်သို့လျှင် အလှူသည် အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ် အလှူခံ ပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်သနည်း၊ ရဟန်းတို့ ဤလောက၌ အလှူ ပေးပုဂ္ဂိုလ်သည်လည်း သီလရှိ၏၊ ကောင်းသောသဘောရှိ၏၊ အလှူခံပုဂ္ဂိုလ် သည် လည်း သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ရဟန်းတို့ ဤသို့လျှင် အလှူသည် အလှူပေးပုဂ္ဂိုလ်ကြောင့်လည်းစင်ကြယ် အလှူခံပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်၏။
ရဟန်းတို့
အလှူ၏ စင်ကြယ်ကြောင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

၈ - ဒက္ခိဏသုတ် အပဏ္ဏကဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

ဒက္ခိဏ= (လိမ္မာသည်၊ လက်ျာဘက်ဖြစ်သည်၊ တောင်အရပ်ဖြစ်သည်)