နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, January 24, 2009

ပူတိမုခပေတဝတ္ထု - ခံတွင်းပုတ်သိုး

ပူတိမုခပေတဝတ္ထု -
(ပူတိ=ပုပ်သော၊ နံစော်သော။ မုခ=ခံတွင်း၊ မျက်နှာ၊ အကြောင်း၊ တံခါး)

အပြောအဆိုကြမ်းတမ်းလျက် နှုတ်မစောင့် ခြိုးခြံသောအကျင့်ကိုကား ကျင့်ခဲ့သော ကြောင့် ပြိတ္တာဘဝ၌ တင့်တယ်သော ရုပ်အဆင်းနှင့် ခံတွင်းပုတ်သိုး ပိုးလောက် ထိုးခြင်းကို ခံနေရသော ပြိတ္တာ။

သင်သည် နတ်၌ဖြစ်သော တင့်တယ်သော အဆင်းကို ဆောင်လျက် ကောင်းကင် ပြင်၌ တည်ဘိ၏၊ အပုပ်နံ့လှိုင်သော သင့်ခံတွင်းကို ပိုးတို့စားကုန်၏၊ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ပါသနည်းဟု (အသျှင်နာရဒက မေး၏)။၇

အကျွန်ုပ်သည် ရှေးအခါက ယုတ်မာ၍ အလွန်ကြမ်းတမ်းသော စကားရှိသူ ရဟန်း ဖြစ်ခဲ့ပါ၏၊ ခြိုးခြံစွာ ကျင့်သော သဘောကား ရှိခဲ့ပါ၏၊ နှုတ်ဖြင့် မစောင့်စည်းခဲ့ပါ၊ ငါသည် ကိုယ်အကျင့်ကြောင့် နတ်၌ဖြစ်သော ကောင်းမြတ်သော အဆင်းကိုမူ ရခဲ့ ပါ၏၊ ကုန်းတိုက်ခြင်းကြောင့် အကျွန်ုပ် ခံတွင်းသည် ပုပ်ရပါ၏။၈

အသျှင်နာရဒ အကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ သနား စောင့်ရှောက်တတ်ကုန်သော (သူတစ်ပါး အကျိုးကိုကျင့်ခြင်း၌) လိမ္မာကုန်သော ဘုရားစသော သူတော်ကောင်းတို့သည် ''ကုန်းတိုက်သောစကားကို မပြောဆိုလင့်၊ မမှန်စကားကို မပြောဆိုလင့်၊ (ဤသို့စောင့်စည်းသည် ရှိသော်) သင်သည် လိုလား တောင့်တအပ်သော နတ်စည်းစိမ်၌ မွေ့လျော်ရသော နတ်ဖြစ်ရလတ္တံ့'' ဟူသော စကားကို ပြောဆိုကုန်၏၊
(ထိုစကားမျိုးကိုသာ အကျွန်ုပ်ပြောဆိုလိုပါသည်ဟု လျှောက်၏)။

၃ - ပူတိမုခပေတဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထု။ ခုဒ္ဒကနိကာယ်။