ခလ္လာဋိယပေတဝတ္ထု - (ခလ္လာဋိယ=ခေါင်းတုံးသည်၏အဖြစ်)
ဗိမ္မာန်တွင်း၌ အဝတ်မရှိ၊ အပြင်သို့ မထွက်ဝံ့သည်ကို သနားသဖြင့် ကုန်သည်များ က အလှူပေး အမျှဝေ သာဓုခေါ်သဖြင့် ချက်ခြင်း ကောင်းကျိုးချမ်းသာ အစုံအလင်ကို ရရှိသော ပြိတ္တာမ။
အပြင်သို့ မထွက်မူ၍ ဗိမာန်အတွင်း၌ တည်နေသူကား အဘယ်သူနည်း၊ အရှင်မ အပြင်သို့ ထွက်ပါလော့၊ သင့်ကို အပြင်၌ ရပ်တည်နေသည်ကို မြင်လိုပါကုန်၏ဟု (ကုန်သည်ကြီးက ပြောဆို၏)။၅၈
အဝတ်မပါ ကိုယ်ချည်းသာဖြစ်၍ အပြင်သို့ ထွက်ရန် မရဲဝံ့ပါ၊ ရှက်လှပါ၏၊ ဆံတို့ ဖြင့် ဖုံးလွှမ်းနေရသူ ဖြစ်ပါ၏၊ အကျွန်ုပ်သည် ကုသိုလ်ကောင်းမှုကို အနည်းငယ် မျှသာ ပြုခဲ့ရပါ၏ဟု (ပြိတ္တာမက ပြော၏)။၅၉
တင့်တယ်သော အဆင်းရှိသော နှမ အပေါ်ရုံပုဆိုးကို သင့်အားပေးပါ၏၊ ယူပါ လော့၊ ဤပုဆိုးကို ဝတ်ပါလော့၊ ဤပုဆိုးကို ဝတ်၍ လာပါလော့၊ ထွက်ခဲ့ပါလော့၊ နှမ အပြင်သို့ ထွက်ပါလော့၊ သင့်ကို အပြင်၌ ရပ်တည်နေသည်ကို မြင်လိုကြပါ ကုန်၏။၆၀
သင်၏လက်ဖြင့် အကျွန်ုပ်လက်သို့ သင်ပေးအပ်သော ပစ္စည်းသည် အကျွန်ုပ်အား မရ၊ မရောက်နိုင်ပါ၊ ယုံကြည်မှု 'သဒ္ဓါ' ရှိ၍ မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်သော ထိုဥပါသကာသည် ဤလူအပေါင်း၌ ရှိပါ၏။၆၁
ထိုဥပါသကာကို အကျွန်ုပ်အား ပေးအပ်သော အဝတ်ကို ဝတ်ရုံစေလျက် ထိုအလှူ ကို အကျွန်ုပ်အား ရည်ညွှန်း၍ ထိုအလှူ၏ အဖို့ကို ပေးဝေပါလော့၊ ထိုသို့ လှူသည်ရှိသော် အကျွန်ုပ်သည် အလုံးစုံသော ကာမဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ချမ်းသာသူ ဖြစ်ရပါလိမ့်မည်ဟု (ဆို၏)။၆၂
ထိုကုန်သည်တို့သည် ထိုဥပါသကာကိုလည်း ရေချိုးစေ၍ (မြတ်သောနံ့သာတို့ ဖြင့်) လိမ်းကျံစေလျက် အဝတ်တို့ကို ဝတ်ရုံစေပြီးလျှင် ထိုပြိတ္တာမအား အလှူ၏ အဖို့ဘာဂကို ရည်ညွှန်း၍ (အမျှဝေစေကုန်၏)။၆၃
(ထိုအလှူ၏ အဖို့ဘာဂကို) ရည်ညွှန်း ပေးဝေပြီးသည့် အခြားမဲ့၌ပင် (အလှူ၏) အကျိုးသည်ဖြစ်၏၊ စားဖွယ် အဝတ် အဖျော်ဟူသော ဤအကျိုးသည် အလှူ၏ အကျိုးပေတည်း။၆၄
ထိုစားဖွယ် စသည်ကိုရသည်မှ နောက်၌ ထိုမိန်းမသည် ဤအကျိုးကား အလှူ၏ အကျိုးတည်းဟု ပြောသကဲ့သို့ စင်ကြယ်သော အဝတ်ကို ဝတ်လျက် ကာသိတိုင်း ဖြစ် အဝတ်ထက်မြတ်သော အဝတ်ကိုဝတ်ပြီးလျှင် ပြုံးရွှင်ကာ ဗိမာန်မှ ထွက်လာ ၏။၆၅
အလွန်ဆန်းကြယ်သော အဆင်းသဏ္ဌာန်ရှိ၍ နှစ်သက်ဖွယ်ရှိသော သင်၏ ဗိမာန်သည် ထွန်းလင်း တောက်ပ၏၊ နတ်သမီး သင့်ကို မေးပါ၏၊ သင် ဖြေကြားပါ လော့၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးပါနည်း။၆၆
အကျွန်ုပ်သည် ဖြောင့်မတ်သော အကျင့်ရှိသော ဆွမ်းခံကြွလာသော ရဟန်းအား အထူး ကြည်လင်သော စိတ်ဖြင့် နှမ်းဆီထွေးကို ပေးလှူခဲ့၏။၆၇
ထိုကုသိုလ်ကံ၏ အကျိုးကြောင့် ရှည်မြင့်စွာသော ကာလပတ်လုံး ဗိမာန်၌ ခံစား ရ၏၊ ထို ကုသိုလ်၏အကျိုးသည်လည်း ယခုအခါ၌ ကုန်ခန်းခဲ့ပါ၏။၆၈
လေးလတို့အလွန်၌ သေလွန်ခြင်း ဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ် ဆင်းရဲ ၍ ကြမ်းတမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ဝေဖန်အပ်သော ပုံစံတူဖြစ်သော သံတံတိုင်း ကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါလိမ့်မည်။၆၉-၇၀
ထိုငရဲ၏ မြေကြီးကား သံဖြင့် ပြီး၏။ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံရှိ၏၊ ထက်ဝန်းကျင့် ယူဇနာတစ်ရာတိုင်တိုင် အခါခပ်သိမ်း ပျံ့နှံ့၍ တည်၏။၇၁
အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာ ကာလပတ်လုံး မကောင်းမှုကံ၏ အကျိုးဖြစ် သော ဆင်းရဲ ဝေဒနာကို ခံစားရပါအံ့၊ ပြင်းစွာ စိုးရိမ်မိ၏ဟု (ပြောဆို၏)။
၁ဝ - ခလ္လာဋိယပေတဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထု။ ခုဒ္ဒကနိကာယ်။