နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, January 28, 2009

သဒ္ဓါသုတ်-

သဒ္ဓါသုတ်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော် ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန် နှစ်သက်ဖွယ်သော အဆင်းရှိ ကုန်သည် ဖြစ်၍ ညဥ့်ဦး ယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်း စေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကုန်၏၊

တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည်...
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''ယုံကြည်မှု 'သဒ္ဓါ'သည် ယောက်ျား၏ အပေါင်းအဖော် ဖြစ်၏၊
မယုံကြည်မှုသည် အကယ်၍ မတည်သည်ဖြစ်အံ့၊
ထိုသို့ မတည်သောကြောင့် အခြံအရံသည် လည်းကောင်း၊
အကျော်အစောသည် လည်းကောင်း ထိုသူ့အား ဖြစ်၏။
ထိုသူသည် ခန္ဓာကိုယ်ကို စွန့်ရသော် နတ်ပြည်သို့လည်း လားရ၏''ဟု လျှောက်၏။

ထိုအခါ တစ်ပါးသော နတ်သားသည်...
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အမျက်ထွက်မှု 'ကောဓ'ကို ပယ်စွန့်ရာ၏၊
ထောင်လွှားမှု 'မာန'ကို ပယ်စွန့်ရာ၏၊
အလုံးစုံသော သံယောဇဉ်ကို လွန်မြောက်ရာ၏၊
နာမ်ရုပ်၌ ကပ်ငြိမှု မရှိသော ကြောင့်ကြမှု မရှိသော ထိုသူသို့-
(ငါးပါးသော) ကပ်ငြိခြင်းတို့သည် မကျရောက်ကုန်'' ဟု (လျှောက်၏)။

မိုက်ကုန်သော ပညာနည်းကုန်သော သူတို့သည်-
မေ့လျော့မှု 'ပမာဒ'ကို အားထုတ်ကုန်၏၊

ပညာရှိသည် 'မြတ်သောဥစ္စာကို စောင့်ရှောက်သကဲ့သို့-
မမေ့မလျော့မှု 'အပ္ပမာဒ' ကိုလည်း စောင့်ရှောက်၏။

မေ့လျော့မှု 'ပမာဒ'ကို အားမထုတ်ရာ၊
ကာမဂုဏ်၌ မွေ့လျော်မှု ပေါင်းဖော်မှုကို အားမထုတ်ရာ။

မှန်၏...
မမေ့လျော့သည် ဖြစ်၍ မကောင်းမှုကို ရှို့မြှိုက်သော သူသည်
အလွန်မြတ်သော (အရဟတ္တဖိုလ်) ချမ်းသာသို့ ရောက်ရ၏ ဟု (မိန့်တော်မူ၏)။

၆ - သဒ္ဓါသုတ်၊ သတုလ္လပကာယိကဝဂ်၊ သဂါထာဝဂ္ဂသံယုတ်။