နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, January 21, 2009

မစင်ထုပ် ဆောင်ယူသူ ဥပမာ

ပါယာသိသုတ် (အပိုင်း-၁၄)

မစင်ထုပ် ဆောင်ယူသူ ဥပမာ

မြို့စား သို့ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊
ဤလောက၌ အချို့သော ပညာရှိယောက်ျားတို့သည်
ဥပမာဖြင့် ဆိုအပ်သော စကား၏ အဓိပ္ပါယ်ကို သိကြကုန်၏။

မြို့စား ရှေး၌ ဖြစ်ဖူးသည်ကား ဝက်မွေးသော ယောက်ျားတစ်ယောက်သည် မိမိရွာ မှ တစ်ပါးသောရွာသို့ သွား၏၊ ထိုရွာ၌ စွန့်ပစ်ထားသော များစွာသော ကျင်ကြီး ခြောက်ကို မြင်လေ၏၊

မြင်သောကြောင့် ထို ယောက်ျားအား ဤအကြံသည် ဖြစ်၏-

''ဤများစွာသော ကျင်ကြီးခြောက်တို့ကို စွန့်ပစ်ထား၏၊ ငါ့အားလည်း ဝက်စာဖြစ် ၏၊ ငါသည် ဤအရပ်မှ ကျင်ကြီးခြောက်တို့ကို ဆောင်ယူရမူ ကောင်းလေစွ'' ဟု (အကြံဖြစ်၏)။

ထိုယောက်ျားသည် အပေါ်ရုံကို ဖြန့်၍ များစွာသော ကျင်ကြီးခြောက်တို့ကို ထည့် ပြီးလျှင် အထုပ်ထုပ်လျက် ဦးခေါင်း၌ တင်၍ သွား၏၊ ထိုယောက်ျားသည် (ရွာသို့ မရောက်မီ) ခရီးအကြား၌ အခါမဲ့ မိုးကြီးသည် သည်းထန်စွာရွာ၏။ ထိုယောက်ျား သည် ခြေသည်းဖျား လက်သည်းဖျားတိုင်အောင် မစင်တို့ဖြင့် ပေကျံသည် ဖြစ်၍ လျှံထွက် ယိုစီးနေသော မစင်ထုပ်ကို ယူ၍ သွား၏။

ထိုယောက်ျားကို လူတို့သည် တွေ့မြင်ကြ၍ ဤသို့ ဆိုကြကုန်၏-

''အချင်း သင်သည် ရူးသလော၊ သင်သည် စိတ်ပျံ့လွင့်သလော၊ ခြေသည်းဖျား လက်သည်းဖျားတိုင်အောင် မစင်တို့ဖြင့် ပေကျံသည် ဖြစ်၍ လျှံထွက် ယိုစီးနေ သော မစင်ထုပ်ကို အဘယ့်ကြောင့် ဆောင်ယူဘိ သနည်း'' ဟု (ဆိုကြကုန်၏)။

အချင်းတို့ သင်တို့သည်သာလျှင် ရူးကုန်၏၊
သင်တို့သည်သာလျှင် စိတ်ပျံ့လွင့်ကုန်၏၊
ထိုမစင်ထုပ်သည် ငါ၏ ဝက်စာဖြစ်၏ ဟု (ပြန်ပြော၏)။

မြို့စား ဤအတူ သင်သည် မစင်ထုပ်ကို ဆောင်ယူခဲ့သော သူကဲ့သို့ ဖြစ်သည်မှာ ထင်ရှား၏၊ မြို့စားယုတ်မာသော မိစ္ဆာအယူကို စွန့်လွှတ်လော့၊ မြို့စား ယုတ်မာ သော ဤမိစ္ဆာအယူကို စွန့်လွှတ်လော့၊ သင့်အား ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်ပါစေလင့်ဟု (မိန့်ဆို၏)။

အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း အကျွန်ုပ်သည် ယုတ်မာသော ဤ မိစ္ဆာအယူကို စွန့်လွှတ်ခြင်းငှါ မတတ်နိုင်၊ (အဘယ့်ကြောင့်ဆိုသော်) ''ပါယာသိ မြို့စားသည် 'ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်။ပ။

အကျိုး ဝိပါက်သည်မရှိ၊ ဤသို့ဆိုလေ့ရှိ၏၊ ဤသို့ယူလေ့ရှိ၏' ဟု ပသေနဒိ ကောသလမင်းသည်လည်းသိပါ၏၊ တိုင်းတစ်ပါးမင်းတို့သည်လည်း သိပါကုန်၏၊ (ထို့ကြောင့်စွန့်လွှတ်ခြင်းငှါ မတတ်နိုင်ပါ)''။

အသျှင် ကဿပ အကျွန်ုပ်သည် ယုတ်မာသော ဤမိစ္ဆာအယူကိုအကယ်၍ စွန့်လွှတ်သည် ဖြစ်အံ့၊ ''ပါယာသိမြို့စားသည် ဤမျှလောက် မိုက်လေစွ တကား၊ ဤမျှလောက် မလိမ္မာလေစွတကား၊ ယုတ်မာသော အယူကို ယူလေစွတကား'' ဟု အကျွန်ုပ်အားပြောဆိုသူတို့ ရှိပါကုန်လတံ္တ့၊ ထိုသူတို့၌ အမျက်ထားသော အားဖြင့်လည်း ထိုအယူကို ယူမြဲယူရပါဦးအံ့၊ အသျှင်ဘုရား၏ စကားကို ချေပ သော အားဖြင့်လည်း ထို အယူကို ယူမြဲ ယူရပါဦးအံ့၊ အသျှင်ဘုရားကို တုပြိုင်သောအားဖြင့်လည်း ထိုအယူကို ယူမြဲ ယူရပါဦးအံ့ ဟု (လျှောက်၏)။

ပါယာသိသုတ်၊ မဟာဝဂ်ပါဠိတော်၊ ဒီဃနိကာယ်။

ဆက်မည်- အန်ကစားသူ ဥပမာ --->