နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, January 18, 2009

ခရုသင်းမှုတ်သော ယောက်ျား ဥပမာ

ပါယာသိသုတ် (အပိုင်း-၁၁)

ခရုသင်းမှုတ်သော ယောက်ျား ဥပမာ

မြို့စား သို့ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊
ဤလောက၌ အချို့သော ပညာရှိ ယောက်ျားတို့သည် ဥပမာဖြင့် ဆိုအပ်သော စကား၏ အဓိပ္ပါယ်ကို သိကုန်၏။ မြို့စား ရှေး၌ဖြစ်ဖူးသည်ကား ခရုသင်းမှုတ်သော ယောက်ျားတစ်ယောက်သည် ခရုသင်းကိုယူ၍ တိုင်းစွန်ပြည်ဖျား ကျေးလက်တခု သို့ သွားလေ၏၊ ထိုသူသည် ရွာတစ်ရွာသို့ ချဉ်းကပ်၍ ရွာ၏ အလယ်၌ ရပ်လျက် ခရုသင်းကို သုံးကြိမ်မှုတ်ပြီးလျှင် ခရုသင်းကို မြေ၌ ချထား၍ သင့်လျော်သော အရပ်၌ ထိုင်နေ၏၊ မြို့စား ထိုအခါ တိုင်းစွန်ပြည်ဖျား ကျေးလက်သားတို့အား ဤသို့သော အကြံသည် ဖြစ်၏-

''အချင်းတို့ ဤသို့ တပ်မက်ဖွယ်ဖြစ်သော ဤသို့ နှစ်သက်ဖွယ်ဖြစ်သော ဤသို့ ယစ်မူးဖွယ်ဖြစ်သော ဤသို့ ငြိတွယ်ဖွယ်ဖြစ်သော ဤသို့ မိန်းမောဖွယ်ဖြစ်သော ဤအသံသည် အဘယ်အရာ၏ အသံပါနည်း'' ဟု (အကြံဖြစ်၏)။

ဤသို့ ကြံပြီးသော် အညီအညွတ် စည်းဝေး၍ ထိုခရုသင်းမှုတ်သော ယောက်ျားကို ဤသို့ မေးမြန်းကုန်၏-

''အချင်း ဤသို့ တပ်မက်ဖွယ်ဖြစ်သော ဤသို့ နှစ်သက်ဖွယ်ဖြစ်သော ဤသို့ ယစ်မူးဖွယ်ဖြစ်သော ဤသို့ ငြိတွယ်ဖွယ်ဖြစ်သော ဤသို့ မိန်းမောဖွယ်ဖြစ်သော ဤအသံသည် အဘယ်အရာ၏ အသံပါနည်း'' ဟု (မေးမြန်းကုန်၏)။

အချင်းတို့ ဤအရာသည် ခရုသင်းမည်၏၊ ဤသို့ တပ်မက်ဖွယ်ဖြစ်သော ဤသို့ နှစ်သက်ဖွယ်ဖြစ်သော ဤသို့ ယစ်မူးဖွယ်ဖြစ်သော ဤသို့ ငြိတွယ်ဖွယ်ဖြစ်သော ဤသို့ မိန်းမောဖွယ် ဖြစ်သော ဤအသံသည် ယင်း ခရုသင်း၏ အသံတည်းဟု (ဆို၏)။

ထို ကျေးလက်သားတို့သည် ထိုခရုသင်းကို ပက်လက် ချထားကုန်၏၊ (ပက်လက် ထားကုန်၍) ''ခရုသင်းမြည်လော့၊ ခရုသင်း မြည်လော့'' ဟု ဆိုကြကုန်၏။ ထို ခရုသင်းသည် အသံမမြည်သည်သာတည်း။ ထို (ကျေးလက်သား) တို့သည် ထို ခရုသင်းကို မှောက်ခုံ ချထားကုန်၏၊ တစ်ဖက်သို့စောင်း၍ ချထားကုန်၏၊ အခြား တစ်ဖက်သို့ စောင်း၍ ချထားကုန်၏၊ မတ်ရပ်ထောင်၍ ချထားကုန်၏၊ ဦးစောက် ပြောင်းပြန် ထားကုန်၏၊ လက်ဖြင့်ပုတ်ကုန်၏၊ ခဲဖြင့်ထုကုန်၏၊ တုတ်ဖြင့်ရိုက် ကုန်၏၊ ဓားဖြင့်ခုတ်ကုန်၏၊ ဤမှာဘက်မှ (ပုတ်ခြင်း ထုခြင်း စသည်ကို)ပြုကုန်၏၊ ထိုမှာဘက်မှ (ပုတ်ခြင်း ထုခြင်း စသည်ကို) ပြုကုန်၏၊ ဤဘက် ထိုဘက် အပြန်ပြန် အလှန်လှန် (ပုတ်ခြင်း ထုခြင်းစသည်ကို) ပြုကုန်၏၊ ''ခရုသင်းမြည် လော့၊ ခရုသင်းမြည်လော့'' ဟု ဆိုကြကုန်၏။ ထိုခရုသင်းသည် အသံ မမြည်သည် သာတည်း။

မြို့စား ...
ထိုအခါ ထိုခရုသင်း မှုတ်သော ယောက်ျားအား ဤသို့သော အကြံသည် ဖြစ်၏-

''ဤ တိုင်းစွန်ပြည်ဖျား ကျေးလက်သားတို့သည် ဤမျှလောက် မိုက်ကြကုန်စွ တကား၊ ခရုသင်းသံကို အဆင်အခြင် ကင်းမဲ့စွာ အဘယ့်ကြောင့် ရှာကုန်ဘိ သနည်း'' ဟု (အကြံဖြစ်၏)။ ထို (ကျေးလက်သား) တို့ ကြည့်နေစဉ် ထိုခရုသင်း မှုတ်သော သူသည် ခရုသင်းကို ကိုင်၍ သုံးကြိမ် မှုတ်ပြီးလျှင် ခရုသင်းကို ယူ၍ ဖဲသွားလေ၏။

မြို့စား ...
ထိုတိုင်းစွန်ပြည်ဖျား ကျေးလက်သားတို့အား ဤသို့သော အကြံသည် ဖြစ်၏-

''အချင်းတို့ ဤခရုသင်းမည်သည်ကား (မှုတ်သော) ယောက်ျား + (မှုတ်ခြင်း) လုံ့လ + (မှုတ်အပ်သော) လေနှင့် ပေါင်းဆုံမိသောအခါ အသံမြည်၏၊ အချင်းတို့ ဤခရုသင်း မည်သည်ကား (မှုတ်သော) ယောက်ျား + (မှုတ်ခြင်း) လုံ့လ + (မှုတ်အပ်သော) လေတို့နှင့် ကင်းကွာသော အခါ အသံ မမြည် ဟု (အကြံဖြစ်၏)။

မြို့စား ဤအတူ ဤကိုယ်သည် အသက် + ကိုယ်ငွေ့ + ဝိညာဏ်တို့နှင့် ပေါင်းဆုံ မိသော အခါ ရှေ့သို့လည်း တက်၏၊ နောက်သို့လည်း ဆုတ်၏၊ ရပ်လည်း ရပ်၏၊ ထိုင်လည်း ထိုင်၏၊ အိပ်လည်း အိပ်၏၊ မျက်စိဖြင့်လည်း ရူပါရုံကို မြင်၏၊ နားဖြင့်လည်း သဒ္ဒါရုံကို ကြား၏၊ နှာခေါင်းဖြင့်လည်း ဂန္ဓာရုံကို နမ်း၏၊ လျှာဖြင့်လည်း ရသာရုံကို လျက်၏၊ ကိုယ်ဖြင့်လည်း ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၏၊ စိတ်ဖြင့်လည်း ဓမ္မာရုံကို သိ၏၊ ဤကိုယ်သည် အသက်, ကိုယ်ငွေ့, ဝိညာဉ်တို့နှင့် ကင်းကွာသောအခါ ရှေ့သို့လည်း မတက်သည်သာတည်း၊ နောက်သို့လည်း မဆုတ်သည်သာတည်း၊ မရပ်သည်သာတည်း၊ မထိုင်သည်သာတည်း၊ မအိပ်သည် သာတည်း၊ မျက်စိဖြင့်လည်း ရူပါရုံကို မမြင်သည်သာတည်း၊ နားဖြင့်လည်း သဒ္ဒါ ရုံကို မကြားသည်သာတည်း၊ နှာခေါင်းဖြင့်လည်း ဂန္ဓာရုံကို မနံသည်သာတည်း၊ လျှာဖြင့်လည်း ရသာရုံကို မလျက်သည်သာတည်း၊ ကိုယ်ဖြင့်လည်း ဖောဋ္ဌဗ္ဗာရုံကို မတွေ့ထိသည်သာတည်း၊ စိတ်ဖြင့်လည်း ဓမ္မာရုံကို မသိသည်သာတည်း။ မြို့စား ဤအကြောင်းဖြင့်လည်း သင်၏ အယူသည် ဤသို့ဖြစ်ပါလော့-

''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုး ဝိပါက်သည် ရှိ၏''ဟု (ဖြစ်ပါလော့ဟု မိန့်ဆို၏)။

အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း
ဤအရာ၌ အကျွန်ုပ်၏ အယူသည် ဤသို့ပင် ဖြစ်ပါ၏-

''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်။ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုး ဝိပါက်သည် မရှိ'' ဟု (ဖြစ်ပါ၏ ဟု လျှောက်၏)။

မြို့စား သင်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိသေးသလော။ပ။
အသျှင်ကဿပ အကျွန်ုပ်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိပါသေး၏။ပ။
မြို့စား (ထိုအကြောင်းကား) အဘယ်နည်းဟု (မေး၏)။

အသျှင်ကဿပ ဤလောက၌ အကျွန်ုပ်၏ မင်းချင်းယောက်ျားတို့သည် အပြစ်ကို ကျူးလွန်သော ခိုးသူကို ဖမ်း၍ ပြပါကုန်၏-

''အရှင် ဤသူကား အပြစ်ကို ကျူးလွန်သော အရှင်၏ (စိုးအုပ်ရာ နယ်မြေမှ) ခိုးသူပါတည်း၊ ဤ(ခိုးသူ)အား ပေးလိုရာ အပြစ်ဒဏ်ကို ပေးတော်မူပါလော့'' ဟု (ပြပါကုန်၏)။

ထိုမင်းချင်းယောက်ျားတို့ကို အကျွန်ုပ်သည် ဤသို့ ဆိုပါ၏-
''အချင်းတို့ သို့ဖြစ်လျှင် ဤ (ခိုးသူ) ယောက်ျားကို အရေပါးကို ခွါကုန်လော့၊ ထို (ခိုးသူ) ၏ အသက်ကို မြင်ရကောင်း မြင်ရတန်ရာ၏'' ဟု (ဆိုပါ၏)။
ထို (မင်းချင်းယောက်ျား) တို့သည် ထို (ခိုးသူ) ယောက်ျား၏ အရေပါးကို ခွါပါ ကုန်၏၊ အကျွန်ုပ်တို့သည် ထို (ခိုးသူ) ယောက်ျား၏ အသက်ကို မမြင်ရပါကုန်၊

ထို (မင်းချင်းယောက်ျား) တို့ကို အကျွန်ုပ်သည် ဤသို့ ဆိုပါ၏-
''အချင်းတို့ သို့ဖြစ်လျှင် ဤ (ခိုးသူ) ယောက်ျားကို အရေထူကို ခွါကြကုန်လော့၊ အသားကို လှီးကြကုန်လော့၊ အကြောကို ဖြတ်ကြကုန်လော့၊ အရိုးကို ပိုင်းကြ ကုန်လော့၊ ရိုးတွင်းချဉ်ဆီကို ထုတ်ကြကုန်လော့၊ ထို (ခိုးသူ) ၏ အသက်ကို မြင်ရ ကောင်း မြင်ရတန်ရာ၏'' ဟု (ဆိုပါ၏)။
ထို (မင်းချင်းယောက်ျား) တို့သည် ထို (ခိုးသူ) ယောက်ျား၏ ရိုးတွင်းချဉ်ဆီကို ထုတ်ကြပါကုန်၏။ အကျွန်ုပ်တို့သည် ထို (ခိုးသူ) ၏ အသက်ကို မမြင်ကြရပါကုန်။ အသျှင်ကဿပ ယင်း (ဆိုခဲ့သည့်ပုံသက်သေ) အကြောင်းအားဖြင့် အကျွန်ုပ်၏ အယူသည် ဤသို့ပင် ဖြစ်ပါ၏-

''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုး ဝိပါက်သည် မရှိ'' ဟု (ဖြစ်ပါ၏)။

ဤ (ဆိုခဲ့သည့် ပုံသက်သေ) သည်လည်း
(အကျွန်ုပ်၏ အယူဖြစ်ခြင်း၏) အကြောင်းပါတည်း ဟု (လျှောက်၏)

ပါယာသိသုတ်၊ မဟာဝဂ်ပါဠိတော်၊ ဒီဃနိကာယ်။

ဆက်မည်- မီးကိုလုပ်ကျွေးသော ရသေ့ဥပမာ --->