ဂေါဏပေတဝတ္ထု - (ဂေါဏ=နွား)
အဘိုးသေ၍ အဖ ငိုကြွေးနေသည်ကို သားဖြစ်သူက နွားသေကို ကြည့်ကာ ငို ကြွေးခြင်းဖြင့် သက်သေပြကာ သောကငြိမ်းကြောင်း နည်းလမ်းကောင်းပြသော ဝတ္တု။
''ချစ်သား သင်သည် သူရူးကဲ့သို့ စိမ်းစိုသော မြက်ကို ရိတ်၍ အသက်ကင်းသော နွားအိုကြီးကို စားလော့, စားလော့'' ဟု အဘယ့်ကြောင့် ပြောဆိုမြည်တမ်း နေဘိသနည်း။၄၆
သင်ပေးသော စိမ်းစိုသော မြက်ကြောင့်သော် လည်းကောင်း, ရေကြောင့်သော် လည်းကောင်း သေသောနွားသည် (အသက်ရှင်၍) ထမလာနိုင်သည်သာတည်း၊ သင်သည် အခြား ပညာမဲ့သူကဲ့သို့ ပညာမဲ့၍ မိုက်သူသာ ဖြစ်၏ဟု (ဖခင်သူကြွယ် က မေး၏)။၄၇
(ဖခင်) ဤနွား၏ ဤခြေတို့သည်လည်းကောင်း, ဤဦးခေါင်းသည် လည်းကောင်း, အမြီးနှင့် တကွသော ဤကိုယ်သည်လည်းကောင်း, မျက်စိတို့သည် လည်းကောင်း ရှေးအတိုင်း တည်နေပါကုန်၏၊ ထို့ကြောင့် ဤနွားသည် (အသက်ရှင်၍) ထရာ ပါသေး၏။၄၈
(ဖခင်) အဘိုး၏ လက်ခြေတို့ကို လည်းကောင်း, ကိုယ်ကို လည်းကောင်း, ဦးခေါင်း ကို လည်းကောင်း မတွေ့မြင်ရတော့ပါ၊ မြေပုံစု၌ ငိုနေသော သင် (ဖခင်) သည် သာလျှင် ပညာမဲ့သည် မဟုတ်ပါလောဟု (သားက ပြန်၍ ဆို၏)။၄၉
ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီး တောက်နေသော မီးကို ရေဖြင့် သွန်းလောင်းလိုက်ဘိ သကဲ့သို့ ထို့အတူ ငါ၏ သားသည်သောကမီး တောက်လောင်နေသော ငါ၏ ပူပန်မှု အားလုံးကို ငြိမ်းအေးစေပြီတကား။၅၀
သင်သည် ပူဆွေးမှုသောက နှိပ်စက်နေသော ငါ့အား အဖကြောင့်ဖြစ်သော ပူဆွေးမှုသောကကို ပယ်ဖျောက်ပါပေ၏၊ သင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမှု သောကတည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။၅၁
ငါသည် ပူဆွေးမှုသောကဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ ငြိမ်းချမ်းပြီးသူ ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသော ကြောင့် ငါသည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါဟု (ဆို၏)။၅၂
သုဇာတသည် ဖခင်ကို ပူဆွေးခြင်းမှ ဆုတ်နစ်စေသကဲ့သို့ ဤအတူ သနား စောင့်ရှောက်တတ်သော ပညာရှိတို့သည် (အဖ၏ လည်းကောင်း, တစ်ပါးသော သူတို့၏ လည်းကောင်း ပူဆွေးမှုသောကမှ ဆုတ်နစ်စေခြင်းကို) ပြုလုပ်ကြကုန်၏ ဟု (မြတ်စွာဘုရားဟောတော်မူ၏)။
၈ - ဂေါဏပေတဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထု။ ခုဒ္ဒကနိကာယ်။