နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, January 28, 2009

ဒုတိယ ပဇ္ဇုန္နဓီတုသုတ်- (မိုးနတ်သမီး)

ဒုတိယ ပဇ္ဇုန္နဓီတုသုတ် - (မိုးနတ်သမီး)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော၌ ပြာသာဒ် ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဇ္ဇုန္နနတ်၏ သမီးဖြစ်သော စူဠကောကနဒါနတ်သမီးသည် အလွန်နှစ်သက်ဖွယ်သော အဆင်း ရှိသည်ဖြစ်၍ ညဥ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ မဟာဝုန်တော အလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော်-

မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-

''လျှပ်စစ်ရောင် အဆင်းရှိသော ပဇ္ဇုန္နနတ်၏သမီး ကောကနဒါမည်သော နတ်သမီး သည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားကို လည်းကောင်း ရှိခိုးလိုသည် ဖြစ်၍ ဤမဟာဝုန်တောသို့ လာပါ၏။ အနက်နှင့် ပြည့်စုံသော ဤဂါထာတို့ကို ရွတ်ဆိုပါ၏။

များစွာသော အကြောင်းဖြင့် (အကျွန်ုပ်သည်) ထိုတရားတော်ကို ဝေဖန်လိုပါ၏၊ တရားတော်သည် ထိုသို့ဝေဖန်အပ်သော သဘောရှိပါ၏၊ အကြင်မျှလောက် အကျွန်ုပ်သည် စိတ်ဖြင့် သင်အပ်၏၊ ထိုမျှလောက် အကျဉ်းဖြစ်သော အနက်ကို ဆိုပါအံ့။ အလုံးစုံသော လောက၌ ကိုယ်နှုတ်စိတ်ဖြင့် တစ်ရံတစ်ဆစ်မျှ မကောင်း မှုကို မပြုရာ၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသော သူသည် ကာမဂုဏ်တို့ကို စွန့်၍ အကျိုးစီးပွားနှင့် မစပ်သော ဆင်းရဲကို မမှီဝဲရာ'' ဟု (လျှောက်၏)။

၁ဝ - ဒုတိယ ပဇ္ဇုန္နဓီတုသုတ်၊ သတုလ္လပကာယိကဝဂ်၊ သဂါထာဝဂ္ဂသံယုတ်။