နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, January 24, 2009

တိရောကုဋ္ဋပေတဝတ္ထု - (နံရံတဖက်)

တိရောကုဋ္ဋပေတဝတ္ထု - (နံရံတဖက်)

ဤလူ့ဘုံမှ လှူဒါန်းသော ကုသိုလ်သည် နောင်ဘဝ၌ ဖြစ်နေကြရသော ဆွေမျိုး ပြိတ္တာတို့ ကောင်းကျိုး ဖြစ်စေနိုင်ကြောင်းကို မိုးရေပမာ ထင်ရှားစွာ ပြသောဝတ္တု။

(ပြိတ္တာတို့သည်) မိမိအိမ်သို့ လာကြ၍ နံရံပြင်ဘက်တို့၌ လည်းကောင်း၊ လမ်းဆုံ လမ်းခွ အိမ်ခြံစပ်တို့၌ လည်းကောင်း၊ တံခါးဝ တံခါးပေါင်တို့၌ လည်းကောင်း ရပ်တည်နေကြ ကုန်၏။၁၄

များစွာသော ထမင်း အဖျော် ခဲဖွယ်ဘောဇဉ်တို့ကို (လှူဒါန်းရန်) ပြုစီရင်သော် လည်း ထို(ပြိတ္တာ) သတ္တဝါတို့၏ ကံအကြောင်းကြောင့် (ထိုပြိတ္တာသတ္တဝါတို့ကို) တစ်စုံတစ်ယောက်သော သူကမျှ အမှတ်မရချေ။၁၅

သနားတတ်သော အကြင်သူတို့သည် ဆွေမျိုးပြိတ္တာတို့ ကပ်ရောက်လာသောအခါ
စင်ကြယ်မွန်မြတ်၍ လျောက်ပတ်သော အဖျော်ဘောဇဉ်ကို ''ဤအလှူဝတ္ထုသည် ဆွေမျိုးဖြစ်သော သင် ပြိတ္တာတို့အား ဖြစ်စေသတည်း၊ ဆွေမျိုးဖြစ်သော ပြိတ္တာတို့ သည် ချမ်းသာကြ စေကုန်သတည်း'' ဟု ဆွေမျိုးဖြစ်သော ပြိတ္တာတို့အတွက် ရည် ညွှန်း၍ ပေးလှူကုန်၏၊ ထိုဆွေမျိုးဖြစ်သော ပြိတ္တာတို့သည် ထိုအရပ်သို့ ညီညွတ် ပေါင်းဆုံ၍ လာရောက်ကြကုန်ပြီးလျှင် များစွာသော ထမင်းအဖျော်ကို (မိမိတို့အား
ရည်ညွှန်း၍ ပေးလှူအပ်သည်ရှိသော်) ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုကုန်၏။
၁၆-၁၇

အကြင်ဆွေမျိုးတို့၏ (ပေးလှူခြင်းဟူသော) အကြောင်းကြောင့် (စည်းစိမ်ချမ်းသာ ကို) ငါတို့ ရကြကုန်၏၊ ငါတို့၏ အကျိုးငှါလည်း ပူဇော်မှုကို ပြုကြကုန်၏၊ ပေးလှူ သူ ဆွေမျိုးတို့သည်လည်း အကျိုးကြီးကုန်၏၊ ငါတို့၏ ထိုဆွေမျိုးတို့သည် အသက် ရှည်ကြပါစေကုန်သတည်း။၁၈

ထိုပြိတ္တာဘုံ၌ လယ်ထွန်ခြင်းလည်း မရှိ၊ နွားကျောင်းခြင်းလည်း မရှိ၊ ထိုပြိတ္တာဘုံ၌ စည်းစိမ်ဥစ္စာရကြောင်း ကုန်သွယ်မှုလည်း မရှိ၊ ရွှေငွေဖြင့် ရောင်းဝယ်မှုလည်း မရှိ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော ပြိတ္တာတို့သည် ဤလူ့ဘုံမှ (ဆွေမျိုး မိတ်ဆွေတို့) ပေးကမ်းအပ်သော ကုသိုလ်အဖို့ဖြင့် ထိုပြိတ္တာဘုံ၌ မျှတကုန်၏။၁၉

ကုန်းမြင့်ရာအရပ်၌ ရွာသော မိုးရေသည် ချိုင့်ဝှမ်းရာ အရပ်သို့ စီးသွားသကဲ့သို့ ဤ အတူသာလျှင် ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။၂၀

ရေပြည့်သော မြစ်တို့သည် သမုဒ္ဒရာကို ပြည့်စေကုန်သကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှ ပေးဝေသော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။၂၁

ဤသူကား ငါ့အား ဥစ္စာကို ပေးဖူးပြီ၊ ငါ၏ (ကိစ္စကို) ပြုဖူးပြီဟူ၍ လည်းကောင်း, ဤသူကား ငါ၏ ဆွေမျိုးတည်း၊ ငါ၏ မိတ်ဆွေတည်း၊ ငါ၏ ခင်ပွန်းတည်းဟူ၍ လည်းကောင်း ရှည်ကြာမြင့်စွာသော ကာလပတ်လုံး ရှေးကပြုဖူးသည်ကို အောက် မေ့သူသည် ပြိတ္တာတို့ အကျိုးငှါ မြတ်သော အလှူကို ပေးလှူရာ၏။၂၂

ငိုကြွေးခြင်းသည် လည်းကောင်း, စိုးရိမ်ပူဆွေးခြင်းသည် လည်းကောင်း, ထိုမှ တစ်ပါး ပြောဆိုမြည်တမ်းခြင်းသည် လည်းကောင်း ပြိတ္တာတို့၏အကျိုးငှါ မဟုတ်၊ (သို့သော်)ဆွေမျိုးတို့သည်ကား ငိုကြွေး နေကြကုန်၏။၂၃

(တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူးလျက်) သံဃာ၌ ကောင်းစွာ ပေးလှူ အပ်သော ဤအလှူသည် ပြိတ္တာ၏ ရှည်ကြာမြင့်စွာသော ကာလပတ်လုံး စီးပွား ချမ်းသာဖြစ်ခြင်း အကျိုးငှါ တစ်၂၄
ခဏချင်း ကပ်ရောက်နိုင်၏။

တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူး၍ ပေးလှူခြင်းဟူသော ဤသဘောကို ဆွေမျိုးတို့၌ ပြုရသော ဝတ္တရားဟူ၍ ညွှန်ပြအပ်၏၊ ပြိတ္တာတို့အား မြတ်သော ပူဇော်ခြင်းကို ပြုအပ်သည်လည်းမည်၏၊ ရဟန်းတို့အား ခွန်အားကို ပေးအပ်သည် လည်း မည်၏၊ သင်တို့သည် ကြီးကျယ်သော ကုသိုလ်ကို ပွားများ ဆည်းပူးအပ် သည်လည်း မည်၏ဟု ဟောတော်မူ၏)။

၅ - တိရောကုဋ္ဋပေတဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထု။ ခုဒ္ဒကနိကာယ်။