သုတ္တန္တဘာဇနီယနည်း (အကျဉ်း)
(သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားသောနည်း)
တရားအားထုတ်ရန် ရှေးဦးကျင့်စဉ်(သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားသောနည်း)
ဤသာသနာတော်၌ ...
ရဟန်းသည် ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏။
အကျင့် 'အာစာရ'၊ ကျက်စားရာ 'ဂေါစရ' နှင့် ပြည့်စုံ၏။
အနည်းငယ်မျှသော အပြစ်တို့၌သော်လည်းဘေးဟု ရှုလေ့ရှိ၏။
သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။
(မျက်စိစသော) ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိ၏။
စားဖွယ် 'ဘောဇဉ်' ၌ အတိုင်းအရှည်ကို သိ၏။
ညဥ့်ဦးယံ, မိုးသောက်ယံပတ်လုံး နိုးကြားခြင်းငှါ အားထုတ်ခြင်းနှင့် ယှဉ်၏။
မပြတ်မလပ် ဖြစ်စေအပ်သော လုံ့လ, ရင့်ကျက်သော ပညာနှင့် ပြည့်စုံ၏။
ဗောဓိပက္ခိယတရားတို့ကို ပွါးများခြင်းငှါ အားထုတ်ခြင်းနှင့် ယှဉ်၏။
((သတိသမ္ပဇဉ် ပွါးများနည်း...))
ထိုရဟန်းသည် ...
ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
ကွေးရာ ဆန့်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏၊
သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောဆိုရာ ဆိတ်ဆိတ် နေရာတို့၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိ၏။
((တောကျောင်းအင်္ဂါ))
ထိုရဟန်းသည်
နည်းသော အသံရှိသော၊
ကျယ်လောင်သော အသံမရှိသော၊
လှည့်လည် သွားလာသော လူတို့၏ အနံ့မှ ကင်းသော၊
လူသံစသည်တို့မှ တိတ်ဆိတ်သော၊
တစ်ယောက်တည်း ကိန်းအောင်း ရန်သင့်လျှော် လျောက်ပတ်သော၊
တော, သစ်ပင်ရင်း, တောင်, ချောက်, တောင်ခေါင်း (ဂူ) သင်္ချိုင်း, တောအုပ်, လွင်ပြင်, ကောက်ရိုးပုံဟူသော ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာကို မှီဝဲ၏။
ထိုရဟန်းသည် တောသို့ ကပ်၍သော် လည်းကောင်း၊
သစ်ပင်ရင်းသို့ ကပ်၍သော် လည်းကောင်း၊
ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်၍သော် လည်းကောင်း၊
ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍
ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်၏။
ဈာနဝိဘင်္ဂ၊ ၀ိဘင်းပါဠိတော်၊ အဘိဓမ္မာပိဋက။
သာဓု... သာဓု... သာဓု...။