နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, March 17, 2009

ပဌမ နာထသုတ် - (မှီခိုရာ-ကိုးကွယ်ရာ)

ပဌမ နာထသုတ် - (မှီခိုရာ-ကိုးကွယ်ရာ)

ရဟန်းတို့ ...
မှီခိုရာရှိသည် ဖြစ်၍ နေကြကုန်လော့...
မှီခိုရာ မရှိမူ၍ မနေကြကုန်လင့်...
ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏...
ရဟန်းတို့ မှီခိုရာကို ပြုတတ်သော တရားတို့သည် ဤဆယ်မျိုးတို့တည်း...။

အဘယ်ဆယ်မျိုးတို့နည်းဟူမူ -

၁...
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊
ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက် နေ၏၊ အကျင့် 'အာစာရ' ကျက်စား ရာ 'ဂေါစရ'နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ရဟန်း သည် ယင်းသို့ သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏ ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြားအမြင် များ၏၊
အကြားအမြင်ကို ဆောင်နိုင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိကြ၍ အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတတ်သော သဘောရှိသော တရားတို့ကို ထိုရဟန်းသည် များစွာ သင်ကြားအပ် ကုန်၏၊ ဆောင်အပ်ကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ကုန်၏၊ စိတ်ဖြင့် ဆင်ခြင် မှတ် သားအပ်ကုန်၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏၊ ရဟန်းတို့ ရဟန်းသည် ယင်းသို့ အကြားအမြင် များ၏။ပ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏ ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သောတရား တည်း။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အဆွေခင်ပွန်းကောင်း ရှိ၏၊
အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ကိုင်းညွတ်၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ အဆွေခင်ပွန်းကောင်း ရှိ၏၊ အပေါင်းအဖော်ကောင်းရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ကိုင်းညွတ်၏ ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဆိုဆုံးမလွယ်၏၊
ဆိုဆုံးမ လွယ်ကြောင်း တရားတို့နှင့်ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရို အသေ ခံယူတတ်၏၊ ရဟန်းတို့ ရဟန်းသည် ယင်းသို့ ဆိုဆုံးမလွယ်၏။ပ။ အဆုံး အမကို အရိုအသေ ခံယူတတ်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ် သော တရားတည်း။

၅...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သီတင်းသုံးဖော်တို့၏ အသို့ ပြုရမည် နည်း ဟုဆို၍ ပြုအပ်သော ကြီးမားကုန် သေးငယ်ကုန်သော အမှုကိစ္စတို့၌ လိမ္မာ ၏၊ ပျင်းရိခြင်းမရှိ၊ ထိုထို အမှုကိစ္စတို့၌ အကြောင်းကို စူးစမ်းသော ပညာနှင့် ပြည့်စုံ ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီရင်ရန် စွမ်းနိုင်၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ သီတင်းသုံးဖော်တို့၏။ပ။ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီရင်ရန် စွမ်းနိုင်၏ ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

၆...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားတော်ကို အလိုရှိ၏၊
ချစ်ဖွယ်ကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ များစွာ မြတ်နိုးခြင်း ရှိ၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း တရား၌ များ စွာ မြတ်နိုးခြင်းရှိ၏ ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

၇...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကု သိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည် ဖြစ်၍နေ၏၊ အား အစွမ်း ရှိ၏၊ မြဲမြံသော ဝီရိယရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ အကုသိုလ် တရားတို့ကို ပယ်ရန် ကုသိုလ် တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည် ဖြစ်၍နေ၏၊ အားအစွမ်း ရှိ၏၊ မြဲမြံသော ဝီရိယရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိဟူ သော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

၈...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

၉...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သတိနှင့် ပြည့်စုံ၏။
လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကို လည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကို လည်းကောင်း အောက်မေ့ နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ သတိနှင့် ပြည့်စုံ၏၊ လွန်ကဲ ရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကို လည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကို လည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏ ဟူသော ဤတရားသည် လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

၁၀...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ပညာရှိ၏၊
အဖြစ်အပျက်ကို သိသော၊ ကိလေသာကို ဖောက်ခွဲနိုင်သော၊ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့်ပြည့်စုံ၏။ ရဟန်း တို့ ရဟန်းသည် ယင်းသို့ ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော၊ ကိလေသာကို ဖောက်ခွဲနိုင်သော၊ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့်ပြည့်စုံ၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ် သော တရားတည်း။

ရဟန်းတို့ မှီခိုရာ ရှိသည်ဖြစ်၍ နေကြကုန်လော့၊
မှီခိုရာ မရှိဘဲ မနေကြကုန်လင့်။
ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏။
ရဟန်းတို့ ဤသည်တို့ကား မှီခိုရာကို ပြုတတ်သော တရား ဆယ်မျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

၇ - ပဌမ နာထသုတ်၊ နာထ၀ဂ်၊ ဒဿကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။