နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, February 23, 2009

အပ္ပမာဒသုတ်- (မမေ့မလျော့မှု)

အပ္ပမာဒသုတ်- (မမေ့မလျော့မှု)

ရဟန်းတို့...
အခြေ မရှိသောသတ္တဝါ ...
အခြေ နှစ်ချောင်းရှိသောသတ္တဝါ ...
အခြေ လေးချောင်းရှိသော ...
သတ္တဝါ အခြေများစွာရှိသော သတ္တဝါ ...
ရုပ်ရှိသော သတ္တဝါ ရုပ်မရှိသော သတ္တဝါ ...
သညာရှိသော သတ္တဝါ သညာ မရှိသောသတ္တဝါ ...
သညာရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါ ...

ဟူသမျှတို့တွင် ...

ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသောတရားတို့ကို
ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံး ဟု ဆိုအပ်၏။

ရဟန်းတို့ ဤအတူပင် ...
ကုသိုလ်တရား အားလုံးတို့သည် မမေ့လျော့မှု 'အပ္ပမာဒ'လျှင် အခြေခံရှိကုန်၏၊
မမေ့လျော့မှု 'အပ္ပမာဒ'သို့ ပေါင်းဆုံ ကုန်၏၊
ထိုကုသိုလ်တရားတို့တွင် မမေ့လျော့မှု 'အပ္ပမာဒ'ကို အမြတ်ဆုံး ဟု ဆိုအပ်၏။

ရဟန်းတို့ ...
ကုန်းမြေ၌ ကျက်စား သွားလာကုန်သော သတ္တဝါတို့၏ ခြေရာ ဟူသမျှတို့သည် ဆင် ခြေရာ၌ ပေါင်းဆုံ ခြင်းသို့ ရောက်ကုန်သကဲ့သို့ ထိုခြေရာတို့တွင် ဆင်ခြေရာ ကို ကြီးသောသဘောကြောင့် အသာဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူ ပင် ကုသိုလ်တရား အားလုံးတို့သည် မမေ့လျော့မှု 'အပ္ပမာဒ'လျှင် အခြေခံ ရှိကုန်၏၊ မမေ့လျော့မှု 'အပ္ပမာဒ' သို့ ပေါင်းဆုံကုန်၏၊ ထိုကုသိုလ်တရားတို့တွင် မမေ့လျော့မှု 'အပ္ပမာဒ'ကို အမြတ်ဆုံးဟု ဆိုအပ်၏။

ရဟန်းတို့ ...
အထွတ်တပ်သော အိမ်၏ အခြင်(ရနယ်)အားလုံးတို့သည် အထွတ်သို့ ရောက်ကုန် အထွတ်သို့ ညွတ်ကုန် အထွတ်၌ ပေါင်းဆုံကုန် သကဲ့သို့ ထိုအခြင် (ရနယ်) တို့ ထက် အထွတ်ကို အမြတ်ဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ကုသိုလ် တရား အားလုံးတို့သည် မမေ့လျော့မှု 'အပ္ပမာဒ'လျှင် အခြေခံ ရှိကုန်၏၊ မမေ့ လျော့မှု 'အပ္ပမာဒ'သို့ ပေါင်းဆုံကုန်၏၊ ထိုကုသိုလ်တရားတို့တွင် မမေ့လျော့မှု 'အပ္ပမာဒ' ကို အမြတ်ဆုံး ဟု ဆိုအပ်၏။

ရဟန်းတို့ ...
အမြစ်နံ့သာ အားလုံးတို့တွင် အကျော်ကို အသာဆုံး ဟု ဆိုအပ်သကဲ့သို့။ ပ ။

ရဟန်းတို့
အနှစ်နံ့သာ အားလုံးတို့တွင် စန္ဒကူးနီကို အသာဆုံး ဟု ဆိုအပ်သကဲ့သို့။ ပ ။

ရဟန်းတို့
အပွင့်နံ့သာ အားလုံးတို့တွင် မြတ်လေးပန်းကို အသာဆုံးဟု ဆိုအပ်သကဲ့သို့။ ပ ။

ရဟန်းတို့ ...
ဤအတူပင်။ပ။ ရဟန်းတို့ မင်းငယ်ဟူသမျှ အားလုံးတို့သည် စကြဝတေးမင်း၏ နောက်လိုက် ဖြစ်ကုန် သကဲ့သို့၊ စကြဝတေးမင်းကို ထိုမင်းတို့ထက် အသာဆုံး ဟု ဆိုအပ်သကဲ့သို့။ ပ ။

ရဟန်းတို့ ...
ကြယ်တာရာတို့၏ အရောင်ဟူသမျှ အားလုံးတို့သည် လရောင်၏ တစ်ဆယ့် ခြောက်စိတ် တစ်စိတ်မျှ မထိုက်ကုန် သကဲ့သို့ ထိုအရောင်တို့တွင် လရောင်ကို အသာဆုံး ဟု ဆိုအပ်သကဲ့သို့။ ပ ။

ရဟန်းတို့ ...
သရဒအခါ မိုးသည်မြင့်၍ မိုးသားတိမ်တိုက် ကင်းစင်လတ်သော် နေသည် ကောင်း ကင်သို့ တက်လျက် ကောင်းကင်ပြင် အားလုံးရှိ အမိုက်တိုက်ကို ဖြိုခွင်းဖျက်ဆီး၍ တောက်ပထွန်းလင်း တင့်တယ်သကဲ့သို့။ ပ ။

ရဟန်းတို့ ...
ဂင်္ဂါ ယမုံနာ အစီရဝတီ သရဘူ မဟီဟူသော မြစ်ကြီး အားလုံးတို့သည် သမုဒ္ဒရာ သို့ သွားကုန် သမုဒ္ဒရာသို့ ညွတ်ကုန် သမုဒ္ဒရာသို့ ကိုင်းကုန် သမုဒ္ဒရာသို့ ရှိုင်းကုန် သကဲ့သို့ ထိုမြစ်ကြီးတို့ထက် သမုဒ္ဒရာကို အသာဆုံးဟု ဆိုအပ်သကဲ့သို့-

ရဟန်းတို့ ...
ဤအတူပင် ကုသိုလ်တရား အားလုံးတို့သည် မမေ့လျော့မှု'အပ္ပမာဒ'လျှင် အခြေခံ ရှိကုန်၏၊ မမေ့လျော့မှု 'အပ္ပမာဒ'သို့ ပေါင်းဆုံကုန်၏၊ မမေ့လျော့မှု 'အပ္ပမာဒ'ကို ထိုကုသိုလ် တရားတို့တွင် အမြတ်ဆုံး ဟု ဆိုအပ်၏ ဟု (မိန့်တော်မူ၏)။

၅ - အပ္ပမာဒသုတ်၊ နာထ၀ဂ်၊ ဒသကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။


သာဓု... သာဓု... သာဓု...။