နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, February 24, 2009

ခင်ပွန်းကြီးဆယ်ပါး

ခင်ပွန်းကြီးဆယ်ပါး ခွန်နောင်အမေး...

ခွန်နောင်: ဆရာတော်ဘုရား။ မပြစ်မှားအပ်သော ခင်ပွန်းကြီး ၁၀ ပါး စာရင်းမှာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အဂ္ဂသာဝကများ ပါသော်လည်း ကျန် အရိယာသုံးပါး ဘာလို့ မပါတာပါလဲဘုရား။ ပစ္စည်းလေးပါးဒါယကာဟာ မပစ်မှားသင့်သောခင်ပွန်း ကြီး (ခင်ပွန်းကြီး အမှတ်စဉ် ၉)ဆိုတာ ဟုတ်ပါသလားဘုရား။ ဒါဆို ဒါယကာကို ရိုသေရှိခိုးရမယ်ဆိုတဲ့ အဓိပ္ပါယ်ထွက် နေပါသလား။

ခင်ပွန်းကြီးဆယ်ပါး ...
၁။ သဗ္ဗညုဘုရား။
၂။ ပစ္စေကဗုဒ္ဓဘုရား။
၃။ ရဟန္တာ။
၎။ အဂ္ဂသာဝက ၂-ပါး။
၅။ မာတာ= မိခင်။
၆။ ပိတာ= ဖခင်။
၇။ ၀ုဒ္ဓါပစာယန= အသက် သိက္ခာ သီလ အမျိုး စသည် မိမိထက်ကြီးမြတ် ရိုသေအပ်သူ။
၈။ အာဝရိယ= သွန်သင်ဆုံးမ ပညာသင်ပေးအပ်သော ဆရာမြတ်။
၉။ ဓမ္မကထိက= သူတော်ကောင်းတရား ဟောပြောပြသသူ။
၁၀။ ဟိတ ကရ= အစားအသောက် နေရာထိုင်ခင်း ပေးသောသူ။

ခင်ပွန်းကြီး ၁၀ ပါး စာရင်းသည် ဆရာတော်များ အထက်အောက် စီချင်သလို စီကြပါတယ်။ တချို့မတူ ကွဲလွဲမှုတွေလည်း တွေ့ရပါတယ်။

ခင်ပွန်းကြီး ၁၀ ပါး စာရင်းဟာ ဘုရားဟော အစီအစဉ်မဟုတ်ဟု သိထားရပါ့မယ်။

ဒါဆိုရင် ဆရာတော်များ ရေးထားတာဆိုတော့ မှားနေသလား မေးခဲ့သည်ရှိသော် မမှားပါဟု ဖြေရပါလိမ့်မယ်။ ဒီဆယ်ပါးတင်လား ဆိုလျှင်တော့ မဟုတ်သေးပါ။ ဘာ့ကြောင့်မမှားသလဲဆိုရင် ကျေးဇူးရှိသောသူများ ကျေးဇူးများသောသူများကို နေရာဒေသအလိုက် မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။ ဒကာဒကာမများ နားလည်နိုင်စေရန် ရှေးသူတော်ကောင်းများက ဘုရားဟော ပါဠိတော်ထဲမှ တူရာတူရာစု၍ အကျဉ်းချုံ့ပြထားခြင်းသာ ဖြစ်ပါတယ်။ တရားလေ့လာနေသူ ကျင့်သုံးနေသူများဟာ အကျဉ်းချုံ့ပြတာကို အနည်းငယ်ချဲ့ပြီး သိနိုင်ရမယ်၊ အကျယ်ပြထားတာကိုလဲ ချုံငုံပြီးတော့ သိနိုင်ရမယ်၊ ဒီလိုသိနိုင်ဖို့ရာလည်း များများလေ့လာ နှလုံးသွင်း ဒါမှသာ တရားရဲ့အနှစ်သာရကို တွေ့ရှိခံစားရမယ်။ ဘုရားအလိုတော်နဲ့ ကိုက်ညီပါလိမ့်မယ်။

ခင်ပွန်းဆိုတာ ကျေးဇူးများသူ ကျေးဇူးရှိသူလို့ ဆိုလိုတယ်၊
ကျေးဇူးရှိသူအပေါ်မှာ ကျေးဇူးဆပ်ရမှာ လောကဓမ္မတာဖြစ်ပါတယ်။

ခွန်နောင် အမေး။
((ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အဂ္ဂသာဝကများ ပါသော်လည်း ကျန်အရိယာသုံးပါး ဘာလို့ မပါ တာပါလဲဘုရား)) ဆိုရာမှာ...

ကျန်အရိယာများကို နံပါတ် ၇-မှာ ထဲ့ပြီး အာရုံပြုလိုက်ပါ အစဉ်ပြေသွားပါလိမ့် မယ်။ မိမိထက် သိက္ခာ သီလ သာသောအတွက်ကြောင့် ဖြစ်ပါတယ်။

ခွန်နောင် အမေး။
((ဒါဆို ဒါယကာကို ရိုသေရှိခိုးရမယ်ဆိုတဲ့ အဓိပ္ပါယ်ထွက် နေပါသလား)) ဆိုရာမှာ...
(၁၀။ ဟိတ ကရ= အစားအသောက် နေရာထိုင်ခင်း ပေးသောသူ။)
(ဦးသုခမှတ်စုမှာ၊ ဒါယကာ= ပေးကမ်းသောသူ) အဓိကကတော့ ပေးသောသူပေါ့။
ဒကာလေးအနေနဲ့ ဒါကို ဆိုလိုတာလို့ ထင်ပါတယ်။

ကျေးဇူးများသူအပေါ်မှာ ကျေးဇူးဆပ်ရမယ်လို့သာ ဆိုလိုတာပါ၊ ရှိခိုးရမယ်လို့ မဆိုလိုပါဘူး။ သူများတွေ ရေးခဲ့ရင်လည်း လူများအတွက်သာပါ။ ဘုန်းတော်ကြီး များအနေနဲ့ ရှိခိုးရမဲ့သူဟာ မြတ်စွာဘုရားနဲ့ မိမိထက် သိက္ခာ-ရဟန်းဝါကြီးသူ သာရှိပါတယ်။ (ဒါကိုအကျယ်မချဲ့တော့ပါ) ရဟန္တာပင်ဖြစ်နေပါစေ မိမိထက် ရဟန်းဝါ ငယ်နေပါက ရှိခိုးရန်မလိုပါ။

ဒကာလေးအနေနဲ့...
ရှိခိုးရမယ်လို့ အဓိပ္ပါယ်မယူဘဲ ကျေးဇူးဆပ်ရမယ်လို့ အဓိပ္ပါယ်ကောက်လိုက်ပါ...။
ဘုန်းတော်ကြီးတွေက ဆွမ်းဒါယကာ ဒါယိကာမတွေကို ဘယ်လိုကျေးဇူးဆပ်မလဲ ဆိုရင် ပရိယတ် ပဋိပတ် နှစ်မျိုးကို ကျင့်ပြီး ကျေးဇူးဆပ်ရမယ်၊ တရားဟော တရား ပြပြီး ကျေးဇူးဆပ်ရပါ့မယ်။ ဒါက အမြင့်ဆုံး ကျေးဇူးဆပ်ခြင်းပါ။

ကျောင်းကို ဘာသာခြားတချို့လာကြပါတယ်၊ တချို့ရှိခိုးကြတယ်။ ဘာသာရေးဌာန တစ်ခု ရောက်လာလို့ အများနဲ့တူအောင် ပြုမူတဲ့သဘောလောက်။ သို့ ။မိမိနဲ့အတူ ပါလာတဲ့သူ လုပ်လို့် သူ့ကိုခင်လို့ လိုက်လုပ်ခြင်းသာဆိုရင်။ ဒါကို ကျေးဇူးဆပ်ပါ တယ်လို့ မဆိုနိုင်ပါဘူး။

ကျေးဇူးဆပ်တဲ့အခါ လောကီ အကျိုးတရား၊ လောကုတ္တရာ အကျိုးတရား နှစ်မျိုးနဲ့ ဆပ်ကြပါတယ်။ မြတ်စွာဘုရားကတော့ လောကုတ္တရာ အကျိုးတရားနဲ့ ကျေးဇူး ဆပ်ခြင်းဟာ အကြွေးအားလုံး ကျေတယ်လို့ ဆိုတော်မူပါတယ်။

တကယ်တော့ ခင်ပွန်းကြီး ၁၀-ပါးဟာ ကျေးဇူးကြီးသူများဖြစ်၍ ကျေဇူးဆပ်ရမယ်၊ ပြစ်မှားမိခဲ့ရင် တောင်းပန် ကန်တော့ရမယ်၊ ဒီလိုဆိုလိုပါတယ်။

ဒီတော့ ဒကာလေးလည်း သံသရာတလျှောက်လုံး ဒီလိုပုဂ္ဂိုလ်တွေအပေါ်မှာ ပြစ်မှားမိရင် တောင်းပန်ကန်တော့ပါ၊ ကျေးဇူးဆပ်စရာ ရှိနေသူများအပေါ်မှာလည်း လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးတရားတို့နဲ့ ကျေးဇူးဆပ်ပါလို့ မှာကြား ရင်းနဲ့... ။

စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ၊ ဒုက္ခဆင်းရဲကင်းဝေးပါစေ။
ဦးလောကနာထ။
၃.၁၃.၂၀၀၉

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။