နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, February 9, 2009

သီသပါဝနသုတ်...

သီသပါဝနသုတ်...

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ယင်းတိုက်တော၌ (သီတင်း သုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော ယင်းတိုက် ရွက်တို့ကို လက်ဖြင့်ကိုင်၍ ''ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြ ကုန်သနည်း၊ ငါ လက်ဖြင့် ကိုင်ထားအပ်ကုန်သော အနည်းငယ်သော ယင်းတိုက် ရွက်တို့နှင့် ယင်းတိုက်တော အတွင်းရှိ ယင်းတိုက်ရွက်တို့သည် အဘယ်က များပြားသနည်း'' ဟု ရဟန်းတို့ကို မိန့်တော်မူ၏။

အသျှင်ဘုရား မြတ်စွာဘုရားလက်ဖြင့် ကိုင်ထားအပ် ကုန်သော ယင်းတိုက်ရွက်တို့ သည် နည်းလှပါကုန်၏၊ စင်စစ်သော်ကား ယင်းတိုက်တောအတွင်းရှိ ယင်းတိုက် ရွက်တို့သာ များလှပါ ကုန်၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ဤအတူပင် ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ မဟောအပ်သော တရားသည်သာ များပြား၏၊ အဘယ့်ကြောင့် ထိုတရားကို ငါ မဟောသနည်းဟူမူ- ရဟန်းတို့ ထိုတရားသည် အကျိုးစီးပွားနှင့်မစပ်၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ့ရန် တပ်မက်မှု ကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် ကိုယ်တိုင်သိရန် တဏှာမှ ထွက်မြောက်ရန် မဖြစ်၊ ထို့ကြောင့် ထိုတရားကို ငါ မဟောအပ်။

ရဟန်းတို့ အဘယ်တရားမျိုးကို ငါ ဟောအပ်သနည်းဟူမူ...

''ဤကား ဆင်းရဲတည်း'' ဟု ငါဟောအပ်၏၊
''ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း'' ဟု ငါ ဟောအပ်၏၊
''ဤကား ဆင်းရဲချုပ်ရာ(နိဗ္ဗာန်)တည်း'' ဟု ငါ ဟောအပ်၏၊
''ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု
ငါ ဟောအပ်၏။

ရဟန်းတို့ အဘယ့်ကြောင့် ထိုတရားကို ဟောသနည်းဟူမူ...

ရဟန်းတို့ ထိုတရားသည် အကျိုးစီးပွားနှင့်စပ်၏၊ မဂ်တည်းဟူသော အကျင့်မြတ် ၏ အစဖြစ်၏၊ ထိုတရားသည် ငြီးငွေ့ရန် တပ်မက်မှု ကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသောဉာဏ်ဖြင့် သိရန် ကိုယ်တိုင်သိရန် တဏှာမှ ထွက်မြောက်ရန် ဖြစ်၏၊
ထို့ကြောင့် ထိုတရားကို ဟောအပ်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌...
''ဤကား ဆင်းရဲတည်း'' ဟု သိရန် အားထုတ်ရမည် ။ ပ ။
''ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

၁ - သီသပါဝနသုတ်၊ သီသပါဝန၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။