နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, February 22, 2009

ဗောဇ္ဈင်- (အရဟတ္တမဂ်ဉာဏ် သိခြင်း၏ အကြောင်း)

ဗောဇ္ဈင်္ဂဝါရ၊ ဗောဇ္ဈင်- (အရဟတ္တမဂ်ဉာဏ် သိခြင်း၏ အကြောင်း)

၁... သတိသမ္ဗောဇ္ဈင် ...
''သတ္တဝါ အားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊
ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊
ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်''ဟု သတိကို ထင်စေ၏။
သတိသမ္ဗောဇ္ဈင် ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

၂... ဓမ္မဝိစယသမ္ဗောဇ္ဈင် ...
''သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊
ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊
ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်''ဟု
ပညာဖြင့် ထက်ဝန်းကျင် စိစစ် 'စူးစမ်း'၏။
ဓမ္မဝိစယသမ္ဗောဇ္ဈင် ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

၃... ဝီရိယသမ္ဗောဇ္ဈင် ...
''သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊
ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊
ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်'' ဟု ဝီရိယကို အားထုတ်၏။
ဝီရိယသမ္ဗောဇ္ဈင် ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

၎... ပီတိသမ္ဗောဇ္ဈင် ...
''သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊
ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊
ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်''ဟု ပူလောင်ခြင်းကို တစ်ဖန်ငြိမ်းစေ၏။
ပီတိသမ္ဗောဇ္ဈင် ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

၅... ပဿဒ္ဓိသမ္ဗောဇ္ဈင် ...
''သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊
ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊
ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်''ဟု ရုန့်ရင်းသည်ကို တစ်ဖန်ငြိမ်းစေ၏။
ပဿဒ္ဓိသမ္ဗောဇ္ဈင် ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

၆... သမာဓိသမ္ဗောဇ္ဈင် ...
''သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊
ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊
ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်''ဟု စိတ်ကို ကောင်းစွာထား၏။
သမာဓိသမ္ဗောဇ္ဈင် ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

၇... ဥပေက္ခာသမ္ဗောဇ္ဈင် ...
''သတ္တဝါအားလုံးတို့သည် ရန်မရှိသူတို့ ဖြစ်ကြပါစေကုန်၊
ဘေးမရှိသူတို့ ဖြစ်ကြပါစေကုန်၊
ချမ်းသာခြင်းရှိသူတို့ ဖြစ်ကြပါစေကုန်''ဟု ဉာဏ်ဖြင့် ကိလေသာတို့ကို ဆင်ခြင်၏။
ဥပေက္ခာသမ္ဗောဇ္ဈင် ထုံအပ်သော မေတ္တာစေတောဝိမုတ္တိ ဖြစ်၏။

ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို မှီဝဲအပ်၏။ ဤဗောဇ္ဈင် ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို ပွါးကြောင်းတို့ ဖြစ်ကုန်၏။ ဤဗောဇ္ဈင် ခုနစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ပွါးအပ်၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို ကြိမ်ဖန်များစွာ ပြုကြောင်းတို့ ဖြစ်ကုန်၏။ ဤဗောဇ္ဈင် ခုနစ်ပါး တို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကြိမ်ဖန်များစွာ ပြုအပ်၏။

ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာစေတော ဝိမုတ္တိ၏ အဆင်တန်ဆာတို့ ဖြစ်ကုန် ၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာ တန်ဆာဆင် အပ်၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အဆောက်အဦတို့ ဖြစ်ကုန်၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာဆည်း ပူးအပ်၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိ၏ အခြံအရံတို့ ဖြစ်ကုန်၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့ဖြင့် မေတ္တာစေတောဝိမုတ္တိကို ကောင်းစွာခြံရံ အပ်၏။

ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မေတ္တာစေတောဝိမုတ္တိကို မှီဝဲကြောင်းတို့ ဖြစ်ကုန်၏။ ပွါးကြောင်းတို့ ဖြစ်ကုန်၏။ ကြိမ်ဖန်များစွာ ပြုကြောင်းတို့ဖြစ်ကုန်၏။ အဆင်တန် ဆာတို့ ဖြစ်ကုန်၏။ အဆောက်အဦတို့ ဖြစ်ကုန်၏။ အခြံအရံတို့ ဖြစ်ကုန်၏။ ပြည့်စုံ ကြောင်းတို့ ဖြစ်ကုန်၏။ မေတ္တာနှင့်တကွ ဖြစ်ကုန်၏။ မေတ္တာနှင့်အတူ ဖြစ်ကုန်၏။ မေတ္တာနှင့် ရောနှောကုန်၏။ မေတ္တာနှင့် ယှဉ်ကုန်၏။ ပြေးဝင်ကြောင်းတို့ ဖြစ်ကုန်၏။ ကြည်လင်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာတည်ကြောင်းတို့ ဖြစ်ကုန်၏။ လွတ်ကြောင်းတို့ ဖြစ်ကုန်၏။

''ဤကားငြိမ်း၏'' ဟု တွေ့ထိကြောင်းတို့ ဖြစ်ကုန်၏။ ယာဉ်ကဲ့သို့ ပြုကြောင်းတို့ ဖြစ်ကုန်၏။ ဝတ္ထုကဲ့သို့ ပြုကြောင်းတို့ ဖြစ်ကုန်၏။ ရှေးရှုထင်ကြောင်းတို့ ဖြစ် ကုန်၏။ ထက်ဝန်းကျင် ဆည်းပူးကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ အားထုတ် ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ ပွါးကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ တည်ကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ တက်ကြွကြောင်းတို့ ဖြစ်ကုန်၏။ ကောင်းစွာ လွတ်မြောက်ကြောင်းတို့ ဖြစ်ကုန်၏။ မေတ္တာကို ဖြစ်စေတတ်ကုန်၏။ ထွန်း လင်းစေတတ်ကုန်၏။ တင့်တယ်စေတတ်ကုန်၏။

၃ - ဗောဇ္ဈင်္ဂဝါရ၊ ယုဂနဒ္ဓ၀ဂ်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။

သာဓု... သာဓု... သာဓု...။