နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, February 12, 2009

အဝိဇ္ဇာပဟာနသုတ်- (အမှန်မသိမှုကို ပယ်ရှားခြင်း)

အဝိဇ္ဇာပဟာနသုတ်- (အဝိဇ္ဇာ=မသိမှု + ပဟာန=ပယ်ရှားခြင်း)

သာဝတ္ထိနိဒါန်း...
ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား ကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ မြတ်စွာဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်ကင်းနိုင်ပါသနည်း၊ သိမှု 'ဝိဇ္ဇာ' ပေါ်ပေါက်နိုင်ပါသနည်း'' ဟု (လျှောက်၏)။

ရဟန်း ...
မျက်စိကို မမြဲဟူ၍ သိသူ မြင်သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်ကင်းနိုင်၏၊ သိမှု 'ဝိဇ္ဇာ' ပေါ်ပေါက်နိုင်၏။ အဆင်းတို့ကို မမြဲဟူ၍ သိသူ မြင်သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်ကင်းနိုင်၏၊ သိမှု'ဝိဇ္ဇာ' ပေါ်ပေါက်နိုင်၏။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿ ကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်ကင်း နိုင်၏၊ သိမှု 'ဝိဇ္ဇာ' ပေါ်ပေါက်နိုင်၏။

နားကို။ နှာခေါင်းကို။ လျှာကို။ ကိုယ်ကို။ စိတ်ကို မမြဲဟူ၍ သိသူမြင်သူအား မသိမှု'အဝိဇ္ဇာ' ပျောက်ကင်း နိုင်၏၊ သိမှု 'ဝိဇ္ဇာ' ပေါ်ပေါက်နိုင်၏။

သဘောတရားတို့ကို။ မနော ဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူ သော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားမသိမှု 'အဝိဇ္ဇာ' ပျောက်ကင်း နိုင်၏၊ သိမှု 'ဝိဇ္ဇာ' ပေါ်ပေါက် နိုင်၏။

ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်ကင်းနိုင်၏၊ သိမှု 'ဝိဇ္ဇာ' ပေါ်ပေါက်နိုင်၏ ဟု (မိန့်တော်မူ၏)။

၁ - အဝိဇ္ဇာပဟာနသုတ်၊ အ၀ိဇ္ဇာဝဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။