နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 21, 2009

ပဇ္ဇုန္နဓီတုသုတ်- (မိုးနတ်သမီး)

ပဌမ ပဇ္ဇုန္နဓီတုသုတ်- (မိုးနတ်သမီး)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဇ္ဇုန္နနတ်၏ သမီး ဖြစ်သော ကောကနဒါနတ်သမီးသည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ညဥ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ မဟာဝုန်တောအလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရား အထံသို့ ချဉ်းကပ် ပြီးလျှင် ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော်...

မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-

''အကျွန်ုပ်သည် ပဇ္ဇုန္နနတ်၏သမီး ကောကနဒါမည်သောနတ်သမီး ဖြစ်ပါ၏၊ ကောကနဒါမည်သော အကျွန်ုပ်သည် ဝေသာလီပြည် မဟာဝုန်တော၌ နေတော်မူ သော သတ္တဝါအပေါင်းထက် မြတ်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။

မြတ်စွာဘုရား သိတော်မူသော သစ္စာလေးပါးတရားကို ရှေးက ကြားဖူးရုံမျှသာ ဖြစ်ပါ၏၊ ယခုအခါ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဟောကြား တော်မူအပ်သော သစ္စာလေးပါး တရားကို ထိုအကျွန်ုပ်သည် ကိုယ် တိုင် သိရပါ၏။

ပညာမဲ့သူ ဟူသမျှတို့သည် အရိယာသစ္စာလေးပါးတရားကို ကဲ့ရဲ့ရှုတ်ချကြကုန် သည်ဖြစ်၍ လှည့်လည်ကြကုန်၏၊ ထိုသူတို့သည် ကြမ်းကြုတ်လှစွာသော ရောရုဝငရဲသို့ ကပ်ရောက်ကုန်၍ ကြာမြင့်စွာသော ညဥ့်တို့ပတ်လုံး ဆင်းရဲကို ခံစားကြရ ကုန်၏။

အကြင်သူတို့သည်ကား အရိယာသစ္စာတရားတော်၌ နှစ်သက်ခြင်း, (ကိလေသာ အပူ ခပ်သိမ်း) ငြိမ်းအေးခြင်းနှင့် ပြည့်စုံကုန်၏၊ ထိုသူတို့သည် လူ့ခန္ဓာကိုယ်ကို စွန့်၍ နတ်ပြည်၌ ဖြစ်ရကုန်လတ္တံ့'' ဟု (လျှောက်၏)။

၉ - ပဌမ ပဇ္ဇုန္နဓီတုသုတ်၊ သတုလ္လပကာယိကဝဂ်၊ သဂါထာဝဂ္ဂသံယုတ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။