နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, February 20, 2009

သာသပသုတ်- (မုန်ညင်းစေ့)

သာသပသုတ်- (မုန်ညင်းစေ့)

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏...

ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဘုရား ကမ္ဘာသည် အဘယ် မျှလောက် ရှည်ပါသနည်း''ဟု လျှောက်၏။

ရဟန်း...
ကမ္ဘာသည် ရှည်လျားလှ၏၊
ထိုကမ္ဘာကို ''ဤမျှသော နှစ်တို့'' ဟူ၍ လည်းကောင်း ။ ပ ။
''ဤမျှသော နှစ်အသိန်းတို့''ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှါမလွယ် ဟု
မိန့်တော်မူ၏။

အသျှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။

''ရဟန်း တတ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။

ရဟန်း ...
ဥပမာသော်ကား အလျား တစ်ယူဇနာ အနံ တစ်ယူဇနာ အစောက် တစ်ယူဇနာ ရှိသော မုန်ညင်းစေ့တို့ဖြင့် အစိုင်အခဲဖွဲ့လျက် ပြည့်သော သံဖြင့်ပြီးသော မြို့သည် ရှိရာ၏၊ ယောက်ျားသည် ထိုမြို့တွင်းရှိ မုန်ညင်းစေ့ပုံမှ အနှစ်တစ်ရာ အနှစ် တစ်ရာကို လွန်သောအခါ မုန်ညင်းစေ့ တစ်စေ့စီ တစ်စေ့စီ ထုတ်ယူရာ၏၊ ရဟန်း ထိုကြီးစွာသော မုန်ညင်းစေ့ အစုသည် ကုန်ခြင်း ဆုံးခြင်းသို့ ရောက်ရာ၏၊ ကမ္ဘာသည် ကုန်ခြင်း ဆုံးခြင်းသို့ မရောက်နိုင်ရာ။

ရဟန်း ကမ္ဘာသည် ဤသို့ ရှည်လှစွာ၏၊
ဤသို့ ရှည်လျားလှသောကမ္ဘာတို့၏...
''တစ်ခုသော ကမ္ဘာ''ဟူ၍ မပြောဆိုအပ်၊
''ကမ္ဘာတစ်ရာ'' ဟူ၍ မပြောဆိုအပ်၊
''ကမ္ဘာတစ်ထောင်''ဟူ၍ မပြောဆို အပ်၊
''ကမ္ဘာတစ်သိန်း'' ဟူ၍ မပြောဆိုအပ်။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-

ရဟန်း ဤသံသရာ၏ အစကို မသိနိုင်။ ပ ။
လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်း ဟု (ဟောတော်မူ၏)။

၆ - သာသပသုတ်၊ ပထမ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။