နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, February 23, 2009

ဥရဂပေတဝတ္ထု၊ အချစ်ဆုံး သားလေး သေဆုံးလျက်...

ဥရဂပေတဝတ္ထု၊

သားသေဆုံးလျက် ...
မငိုကြွေးသော အဖ, အမိ, နှစ်မ, မယား, ကျွန်မ, ငါးဦးတို့ ပြောပုံနှင့်
သေသူကို လွမ်းဆွတ်ငိုကြွေးခြင်း၏ အကျိုးမရှိပုံ

ဥပမာ အစုံအလင်ပါသောဝတ္တု...

ကျေးဇူးရှင် ဖခင်ကြီးက ပြောဆိုသည်မှာ...
မြွေသည် အရေဟောင်းကို စွန့်၍ သွားသကဲ့သို့ ဤအတူ သံသရာ၌ ကျင်လည် ရသော သတ္တဝါသည် ခန္ဓာကိုယ်ကို အသုံးမပြုနိုင်ဘဲ အသက်ကင်း၍ သေသည်ရှိ သော် မိမိ၏ ဆွေးမြေ့သောကိုယ်ကို စွန့်၍ သွားရ၏။

ထိုသေသူသည် မိမိလားရောက်ရာ 'ဂတိ'သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေ သော ကိုယ်သည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့သားကို (အကြောင်းပြု၍) မငိုဟု (သေသူ၏ အဖဖြစ်သော ပုဏ္ဏားက ဆို၏)။

ကျေးဇူးရှင် မိခင်ကြီးက ပြောဆိုသည်မှာ...
ငါ့သား လာလှည့်ဟု မခေါ်ဘဲ ထိုတမလွန်လောကမှ လာ၏၊ ငါ့သား သွားတော့ဟု ခွင့်မပြုဘဲ ဤပစ္စုပ္ပန်လောကမှ သွား၏၊ အကြင်သို့သော အခြင်းအရာအားဖြင့် မခေါ်ဘဲလာ၍ ထိုသို့သော အခြင်းအရာအားဖြင့် ခွင့်မပြုဘဲသွား၏၊ ထိုအလိုသို့ မလိုက်ဘဲ ကျင်လည်၍ ဖြစ်ရာ၌ ငိုကြွေး မြည်တမ်းခြင်းသည် အဘယ်အကျိုး ရှိအံ့နည်း။

ထိုသေသူသည် မိမိလားရောက်ရာ 'ဂတိ'သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေ သော ကိုယ်သည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့သားကို အကြောင်းပြု၍ မငိုဟု (အမိပုဏ္ဏားမက ဆို၏)။

နှမငယ်က ပြောဆိုသည်မှာ...
အကယ်၍ ငိုကြွေးခဲ့ပါမူ ပိန်ချုံးရုံမျှသာ ဖြစ်ရာ၏၊ ထိုငိုကြွေးရာ၌ ငါ့အား အဘယ် အကျိုးရှိရာအံ့နည်း၊ ငါတို့၏ ဆွေမျိုး မိတ်ဆွေ ချစ်ကျွမ်းဝင်သူတို့အား လွန်စွာ စိတ်မချမ်းသာမှုမျှသာ ဖြစ်ရာ၏။

ထိုသေသူသည် မိမိလားရောက်ရာ 'ဂတိ' သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေ သော ကိုယ်သည်ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့မောင်ကို အကြောင်းပြု၍ မငိုဟု (နှမငယ်က ဆို၏)။

မယားက ပြောဆိုသည်မှာ...
သူငယ်သည် ကောင်းကင်၌ သွားသော လကို ငါ၏ ရထားဘီးကို ပေးဟု ဆို၍ ငိုသကဲ့သို့ ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊ (ထိုသူ၏) ဤစိုးရိမ်ခြင်း သည် ဤသူငယ်၏အဖြစ်နှင့် တူသည်သာတည်း။

ထိုသေသူသည် မိမိလားရောက်ရာ 'ဂတိ'သို့ သွားရောက်သည်ဖြစ်၍ မီးလောင် ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့လင်ကို အကြောင်းပြု၍ မငိုဟု (မယားက ဆို၏)။

ကျွန်မက ပြောဆိုသည်မှာ...
ပုဏ္ဏား ကွဲလေပြီးသော ရေအိုးသည် တစ်ဖန်စပ်၍ မရသကဲ့သို့ ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊ (ထိုသူ၏) ဤစိုးရိမ်ခြင်းသည် ကွဲလေပြီး သော အိုးကို စပ်၍ မရသည်နှင့် တူသည်သာတည်း။

ထိုသေသူသည် မိမိလားရောက်ရာ 'ဂတိ'သို့ သွားရောက်သည်ဖြစ်၍ မီးလောင် ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေခြင်းကို မသိ၊ ထို့ကြောင့် ဤအရှင့်သားကို အကြောင်းပြု၍ မငိုဟု (ကျွန်မက ဆို၏)။

၁၂ - ဥရဂပေတဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထု။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။